Connect with us

North America

အစိုးရ အီးမေးလ်ကိစ္စ နှင့်ပတ်သက်ပြီး ဟီလာရီကလင်တန်အား အက်ဖ်ဘီအိုင်မှ ခေါ်ယူစစ်ဆေး

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင်ပြုလုပ်ခဲ့သော အမေရိကန်အထက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကြားနားပွဲ၌ ဟီလာရီကလင်တန် ဖြေကြားနေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်က အစိုးရ အီးမေးလ်များကို စီစဉ်ကိုင်တွယ်ခဲ့ခြင်း နှင့်ပတ်သက်၍ ဇူလိုင် ၂ ရက်က အမေရိကန်ပြည်ထောင်စုထောက်လှမ်းရေးဗြူရို(FBI) ၏ ခေါ်ယူစစ်ဆေးခြင်း ခံရကြောင်း သိရသည်။

“ ဟီလာရီကလင်တန်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်က အစိုးရအီးမေးလ်တွေကို စီစဉ်ကိုင်တွယ်ခဲ့ခြင်း နဲ့ပတ်သက်ပြီး ဇူလိုင် ၂ ရက် နံနက်ပိုင်းမှာ အက်ဖ်ဘီအိုင်အဖွဲ့ရဲ့ ခေါ်ယူမေးမြန်းခြင်း ခံရပါတယ်” ဟု ဟီလာရီ၏ မဲဆွယ်စည်းရုံးရေး ပြောခွင့်ရပုဂ္ဂိုလ် Nick Merrill ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ အမေရိကန်အစိုးရ တရားရေးဌာနအတွက် ဟီလာရီဟာ အကူအညီပေးခွင့်ရ သွားတာပေါ့” ဟု Merrill က ဆိုထားသော်လည်း အင်တာဗျူးတွင် ပါရှိသော အသေးစိတ်အကြောင်းအရာများကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ အချိန် သုံးနာရီခွဲကျော် ကြားမြင့်သည့် စစ်ဆေးမေးမြန်းမှုကို ဝါရှင်တန်မြို့ရှိ အက်ဖ်ဘီအိုင်ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်တိုင်းမ်သတင်းစာအရ သိရသည်။
ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်ကာလအတွင်း အစိုးရ နှင့်သက်ဆိုင်သောစာများကို ကိုယ်ပိုင်အီးမေလ်းဖြင့် ဆက်သွယ်အသုံးပြုခဲ့သည့် ဟီလာရီကလင်တန် အား စုံစမ်းစစ်ဆေးခွင့်ရရန် မျှော်လင့်ခဲ့ကြသည့် ပြည်ထောင်စုအစိုးရ အရာရှိများပင် ကာလရှည် စောင့်ဆိုင်းခဲ့ကြရသည်။
အမေရိကန်နိုင်ငံသမ္မတဟောင်း ဘီကလင်တန် နှင့် အမေရိကန်နိုင်ငံ ရှေ့နေချုပ် Loretta Lynch တို့နှစ်ဦး အရီဇိုးနားပြည်နယ် ဖိုးနစ်နိုင်ငံတကာလေဆိပ်၌ ယခုရက်သတ္တပတ်အစောပိုင်းက တွေ့ဆုံမှုအပြီး နောက်တစ်ရက်တွင် ဟီလာရီ အား အက်ဘီအိုင်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အီးမေးလ်ကိစ္စ နှင့်ပတ်သက်ပြီး အက်ဖ်ဘီအိုင်၏ စုံစမ်းစစ်ဆေးမှုကို ဟီလာရီ ကလင်တန် အနေနှင့် အပြည့်အဝ လက်ခံလိ့မ်မည်ဟု မျှော်လင့်ကြောင်း Lynch က ဇူလိုင် ၁ ရက်တွင်ပြောကြားသည်။
၂ဝ၁၅ ခုနှစ် မတ်လတွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဟီလာရီကလင်တန်က အိုဘားမား အစိုးရ၌ တာဝန်ထမ်းဆောင်စဉ်အတွင်း ၎င်း၏ ကိုယ်ပိုင်အကောင့်မှ အီးမေးလ် ၆ဝ,ဝဝဝ ကျော်နှင့် အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း ၊ ၎င်းတို့အနက် တစ်ဝက်မှာ ကိုယ်ရေးကိုယ်တာ မေးလ်များဖြစ်ပြီး ၎င်းတို့ကို ဖျက်ပစ်လိုက်ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်းဆိုမှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ဟီလာရီက ၃ဝ,ဝဝဝ ခန့်ရှိမည့် အခြားအီးမေလ်း အရေအတွက် တစ်ဝက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလက ပြန်လည်လွှဲပြောင်း ပေးခဲ့သည်။
လက်ရှိတွင် အမေရိကန်ပြည်ထောင်စုထောက်လှမ်းရေးမှူးများသည် ဟီလာရီအနေဖြင့် နိုင်ငံတော်၏သတင်းအချက်အလက်များကို အလွဲသုံးစားပြုလုပ်ခဲ့ခြင်း ရှိ/မရှိကို စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.