North America
အမေရိကန်နိုင်ငံ ချီကာဂိုမြို့လမ်းမပေါ်တွင် ပစ်ခတ်မှုကြောင့် လူ ၂ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိ

ချီကာဂို၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ချီကာဂိုမြို့ မြို့လယ်ခေါင် အနီးရှိ လမ်းမတစ်ခုပေါ်တွင် ဧပြီ ၁၀ ရက်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ တစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်ကိုကိုးကား၍ ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။
ချီကာဂိုရဲတပ်ဖွဲ့ထံမှ ရရှိသော ကနဦး သတင်းအချက်အလက်များအရ သေနတ်ပစ်ခတ်မှုသည် ဒေသစံတော်ချိန် နံနက် ၉း၅၃နာရီတွင် West Ohio လမ်း ၏ ၃၄၀၀ ဘလောက် တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာ၌ လူ ၂ဦးသေဆုံးခဲ့ပြီး အခြားလူ တစ်ဦးကို Stroger ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ရင်ဘတ်တွင် ကျည်ဆန်ထိမှန်ထား၍ ဒဏ်ရာအခြေအနေပြင်းထန်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ချီကာဂို ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Anthony Gugliemi က ရဲတပ်ဖွဲ့ဝင်များသည် ယင်းပစ်ခတ်မှုအား စုံစမ်းစစ်ဆေးနေကြောင်းပြောကြားခဲ့သည်။
ယင်းပစ်ခတ်မှုသည် အဆိုပါ ဧရိယာရှိ မူးယစ်ဆေးဈေးကွက်၌ ဒုစရိုက်ဂိုဏ်းအချင်းချင်း ပဋိပက္ခဖြစ်ပွားမှု နှင့် ဆက်စပ်နေနိုင်ကြောင်း ချီကာဂိုမြို့ ဒုရဲချုပ် Al Nagode ၏ ပြောကြားချက်ကို ကိုးကား၍ Chicago Sun-Times ကဖော်ပြခဲ့သည်။ (Xinhua)