ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးတွင် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ ဦး သေဆုံး

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ) Africa & Middle East

နိုင်ရိုဘီ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် ဇူလိုင်လ ၁၄ ရက်က ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဆိုမာလီယာရဲတပ်ဖွဲ့က ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့ သည်။

အသေခံ တိုက်ခိုက်သမားက မော်တော်ယာဉ်တစ်စီးကို မောင်းနှင်လာပြီး သမ္မတအိမ်တော် အနီးရှိ စစ်ဆေးရေးဂိတ်ကို ဝင်တိုက်ခဲ့ကြောင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကသေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ သောကြောင့် မော်တော်ယာဉ်ပါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မိုဂါဒစ်ရှူး၏ ရဲအရာရှိတစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။

ထိုပေါက်ကွဲမှုဖြစ်ပွားပြီးမကြာမီ စစ်ဆေးရေးဂိတ်အနီးရှိ လမ်းဝတွင် နောက်ထပ်ပေါက်ကွဲမှု တစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီးတွင် ဆိုမာလီယာအစိုးရ ဝန်ထမ်းများနှင့်စီးပွားလုပ်ငန်းရှင်များ ဝင်ထွက်သွားလာနေသည့် ဟိုတယ်ရှိရာ ၎င်းကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း လုံခြုံရေးဝန်ထမ်းအချို့က ဆိုသည်။

ဆိုမာလီယာတွင် လွန်ခဲ့သောရက်သတ္တပတ်က ယခုကဲ့သို့ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၂ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဆိုမာလီယာအယ်လ်ရှာဘတ်(al-Shabaab) များက အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်းဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့် အိမ်နီးချင်းကင်ညာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)