20
Wed, Nov
474 New Articles

အစ္စရေး နိုင်ငံ စစ်လေယာဉ် ၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း နိုင်ငံသား သေဆုံး

ဂါဇာကမ်းမြောင် ဒေသ အနီး ဆန္ဒပြမှု တွင် ဒဏ်ရာရရှိခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား တစ်ဦး အား ဆေးရုံ သို့ ပို့ဆောင်နေစဉ်(ဆင်ဟွာ) Africa & Middle East

ရာမာလာ ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က အစ္စရေး နိုင်ငံ စစ်လေယာဉ် ၏ ဧပြီလ ၄ ရက်နေ့ ညပိုင်းတွင် ဂါဇာကမ်းမြောင် ဒေသ ၌ ဆောင်ရွက်ခဲ့သည့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း နိုင်ငံသား တစ်ဦး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ပါလက်စတိုင်း နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က အစ္စရေး နိုင်ငံ စစ်လေယာဉ် ၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၂၃ နှစ်အရွယ် ပါလက်စတိုင်း နိုင်ငံသား လူငယ် တစ်ဦး သေဆုံး ခဲ့ရကြောင်း ဆင်ဟွာ သတင်းဌာန သို့ပြောကြား ခဲ့သည်။

ထို့ပြင် ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာန က မတ်လ ၃၀ ရက် နေ့၌ ဂါဇာကမ်းမြောင် ဒေသ တွင် ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု တွင် အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ ပစ်ခတ်မှု ကြောင့် ဒဏ်ရာ ရရှိခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား တစ်ဦး သည် ဧပြီလ ၅ ရက်နေ့တွင် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ရကြောင်း ၊ ဧပြီလ ၅ ရက်နေ့အထိ အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၁၉ ဦး အထိ ရှိလာပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ က အစ္စရေး နိုင်ငံ စစ်လေယာဉ် အနေဖြင့် ဧပြီလ ၄ ရက်နေ့ ညပိုင်း အချိန်တွင် ဂါဇာကမ်းမြောင် အရှေ့ပိုင်း ဒေသ နယ်စပ် အနီးတွင် အကြမ်းဖက်မှု ဆောင်ရွက်ရန် ကြံစည် နေသည့် ပါလက်စတိုင်း နိုင်ငံသား တစ်ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၊ အစ္စရေး အစိုးရ တပ်ဖွဲ့ အနေဖြင့် အစ္စရေး ပြည်သူလူထု ၏ လုံခြုံရေး ကို ခြိမ်းခြောက်လာသည့် မည်သည့် ဆောင်ရွက်မှု ကို မဆို လက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

မတ်လ ၃၀ ရက်နေ့ က ပါလက်စတိုင်း နိုင်ငံသား များက ဂါဇာကမ်းမြောင် ဒေသ နယ်စပ် အနီးတွင် ဆန္ဒပြမှု ကို စတင်ဆောင်ရွက် ခဲ့သည်။ ဆန္ဒပြမှု ပြုလုပ်ခြင်း အချိန်ကာလ ကြာလာသည်နှင့်အမျှ ပါလက်စတိုင်း နိုင်ငံသား နှင့် အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ အကြား တိုက်ခိုက်မှု မှာလည်း ဆက်တိုက်ဖြစ်ပွားလာရာ ပါလက်စတိုင်း နိုင်ငံသားများ သေဆုံးဒဏ်ရာရရှိမှု မှာလည်း မြင့်တက် လာခဲ့သည်။ အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဂါဇာကမ်းမြောင် ဒေသ အနီးတွင် ဆူပူမှုများ ဆက်လက်ဆောင်ရွက်ပါက အစ္စရေး နိုင်ငံ အနေဖြင့် တိုက်ခိုက်မှု များ တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ပြီး စစ်ရေးဆောင်ရွက်မှုလည်း ပြုလုပ်ဖွယ်ရှိသည် ဟု သတိ ပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)