20
Sun, Oct
581 New Articles

အယ်လ်ဂျီးရီးယားတွင် စစ်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၁၀၅ဦးသေဆုံး

အယ်လ်ဂျီးရီးယား စစ်လေယာဉ် ပျက်ကျမှုမြင်ကွင်းအား ရုပ်သံလိုင်းတစ်ခု၌တွေ့ရစဉ် (ဆင်ဟွာ) Africa & Middle East

အယ်လ်ဂျီးယား၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံ ဘလီဒါပြည်နယ် အယ်လ်ဂျီးယားမြို့ အနောက်တောင်ဘက် ၃၀ကီလိုမီတာ အကွာ တွင် ဧပြီ ၁၁ရက် နံနက်ပိုင်းက စစ်လေယာဉ် တစ်စီးပျက်ကျခဲ့ရာ အနည်းဆုံး စစ်သား ၁၀၅ဦးသေဆုံးကြောင်း Ennahar ပုဂ္ဂလိကရုပ်သံလိုင်းက တာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

အယ်လ်ဂျီးရီးယားလေတပ်ပိုင် Ilyushin I76 စစ်ဘက်သယ်ဆောင်ရေးလေယာဉ်တစ်စီးသည် ဘလီဒါပြည်နယ် Boufarik လေတပ်စခန်း၏ နယ်နမိတ်အတွင်း ပျက်ကျခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

တာဝန်ရှိသူ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အဆိုပါ လေယာဉ်သည် စစ်သား ၂၀၀ဦးကျော်ကို သယ်ဆောင်လာပြီး လေဆိပ်အနီးရှိ လူမနေသော မြေကွက်၌ မပျက်ကျခင် နိုင်ငံအနောက်တောင်ဘက် ဘီချာပြည်နယ် သို့ ထွက်ခွာပျံသန်းလာခြင်းဖြစ်ကြောင်း သိရသည်။

ပျက်ကျခဲ့သည့် ဂျက်လေယာဉ်မှာ မီးခိုးများ ထူထပ်စွာ ထွက်ပေါ်လာပြီး ယင်းမီးခိုးများအား အယ်လ်ဂျီးယား နှင့် ဘလီဒါမြို့ကို ဆက်သွယ်ပေးထားသော အဝေးပြေးလမ်းမမှပင် မြင်တွေ့နိုင်ကြောင်း သိရသည်။

လေယာဉ်ပျက်ကျရာနေရာသို့ အရေးပေါ်တပ်ဖွဲ့များ စေလွှတ်ခဲ့ကြောင်း သိရသည်။

အယ်လ်ဂျီးရီးယားနိုင်ငံ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Ahmed Gaid Salah က သေဆုံးသွားသူများ ၏ မိသားစုဝင်များထံ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)