ယူဂန္ဓာနိုင်ငံတွင် အီဘိုလာရောဂါရှိသူနှင့် အချိတ်အဆက်ရှိမှုအား လိုက်လံရှာဖွေ

ယူဂန္ဓာနိုင်ငံနှင့် ကွန်ဂိုနိုင်ငံ (DRC) နယ်စပ်တွင် အီဘိုလာဗိုင်းရပ်စ်အား စမ်းသပ်စောင့်ကြည့်နေစဉ် (ဓာတ်ပုံ-အင်တာနက်) Africa & Middle East

ကမ်ပါလာ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှ အမျိုးသမီးတစ်ဦးသည် ငါးအရောင်းအဝယ်ပြုလုပ်ရန် ယူဂန္ဓာနိုင်ငံသို့ လာရောက်ခဲ့ကာ ၎င်း၏နိုင်ငံသို့ပြန်ရောက်ပြီးနောက် အီဘိုလာရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ၎င်းအနေဖြင့် ယူဂန္ဓာနိုင်ငံအတွင်းရှိနေစဉ် အဆက်အသွယ် ထိတွေ့မှုရှိခဲ့သူများအား စုံစမ်းနေကြောင်း ယူဂန္ဓာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

အီဘိုလာရောဂါလက္ခဏာတွေ့ရှိခဲ့ရသည့် အဆိုပါ အမျိုးသမီးမှာ ဇူလိုင်လ ၁၁ ရက်က ယူဂန္ဓာနိုင်ငံ၌ ရှိခဲ့ကြောင်း၊ ၎င်းသည် ကေ့စီခရိုင်ရှိ အမ်ပေါင်ဝီဈေးသို့ ငါးဝယ်ရန်သွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO က ပူးတွဲကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

“သူ့ကို ဈေးထဲမှာ ကောင်းကောင်းသိကြပြီး ပုံမှန်ရောင်းဝယ်နေသူတစ်ဦးပါပဲ။ သူက နိုင်ငံအတွင်း ရှိနေခဲ့ချိန်မှာ လေးခါလောက်အန်ခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့များက အခိုင်အမာပြောခဲ့တယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းသည် ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း ဘန်နီမြို့ရှိ ၎င်း၏နေအိမ်သို့ပြန်လာပြီးနောက် ဘန်နီ အီဘိုကာကုသရေးယူနစ်သို့ တက်ရောက်ခဲ့ကာ ဇူလိုင်လ ၁၅ ရက်တွင် သေဆုံးခဲ့ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

လက်ရှိတွင် စောင့်ကြည့်ရေးအဖွဲ့များက အဆိုပါ အမျိုးသမီးနှင့် ထိတွေ့ဆက်သွယ်ခဲ့သူများအားလုံးကို စိစစ်နေပြီး နောက်ဆက်တွဲအခြေအနေအား စုံစမ်းနေကြောင်း သိရသည်။

“ဝန်ကြီးဌာနအနေနဲ့ WHO ရဲ့အကူအညီနဲ့ နိုင်ငံအတွင်း ရောဂါပျံ့နှံ့မှုမရှိနိုင်အောင် အဲဒီအမျိုးသမီးနဲ့ ထိတွေ့ခဲ့သူအားလုံးကို ကာကွယ်ဆေးချက်ချင်းထိုးပေးဖို့ရှိပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)