Media
ပန်းချီပညာဌာန ကျောင်းသားကျောင်းသူများ၏ ပန်းချီအနုပညာလက်ရာများ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ခင်းကျင်းပြသ
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)
အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပန်းချီပညာဌာနမှ မဟာဝိဇ္ဇာ ပထမနှင့် ဒုတိယနှစ် ကျောင်းသား ကျောင်းသူ လေးဦး၊ စတုတ္ထနှစ် ကျောင်းသား ကျောင်းသူ ၁၄ ဦးတို့၏ အနုပညာဖန်တီးထားသည့် လက်ရာပန်းချီကား ၅၀ ကျော်ကို မေ ၁၈ ရက်ကနေ မေ ၂၅ ရက်အထိ အမျိုးသား စာကြည့်တိုက်(ရန်ကုန်)တွင် ခင်းကျင်းပြသထားလျက်ရှိသည်။ “ပန်းချီကျောင်းသား၊ကျောင်းသူတွေ အနေနဲ့ ကိုဗစ်ကာလနောက်ပိုင်းမှာ ပန်းချီပြပွဲ မပြုလုပ်တာ ကြာပြီပေါ့နော်၊ M.A တန်းနဲ့ စတုတ္ထနှစ် ကျောင်းသားကျောင်းသူတွေကို ပြပွဲပြုလုပ်ပေးတဲ့ သဘောပေါ့၊ ယခုလို ပြပွဲမှာ ပါဝင်ပြသတဲ့အခါ သူတို့က ကျောင်းမှာလည်း ရေးဖြစ်တယ်၊ ပန်းချီရေးဆွဲမှုမှာ ပိုပြီးတော့ စိတ်အားတက်ကြွစေတယ်၊ အလွန်ပဲ အကျိုးရှိစေပါတယ်”ဟု အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ပန်းချီပညာဌာနမှ လက်ထောက်ကထိက ဒေါ်ရည်မွန်သန့် က ဆင်ဟွာသို့ ပြောသည်။ “ပြီးခဲ့တဲ့ ကာလတွေမှာ ပန်းချီပြပွဲတွေ နည်းပါးတဲ့အတွက် ပန်းချီအနုပညာကို လူတွေက သိပ်မကြည့်ရဘူးပေါ့၊ ယခုလို ပြပွဲတွေကတစ်ဆင့် ပန်းချီကို ပိုပြီးတော့ နီးနီးကပ်ကပ် ထိတွေ့ခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆီဆေးပန်းချီကား ၃ ကား ပါဝင်ပြသသည့် ပထမနှစ် မဟာဝိဇ္ဇာ ကျောင်းသူ မကူးကူးမြင့်က ဆင်ဟွာသို့ ပြောသည်။ ပန်းချီအနုပညာဟာ ကိုယ်တိုင်စိတ်ကြိုက် ဖန်တီးယူရတဲ့ အနုပညာဖြစ်သလို ကိုယ်တိုင်ဝါသနာပါရာကို ကျေနပ်စွာ လုပ်မယ်ဆိုရင် ပန်းချီရေးဆွဲဖို့ တိုက်တွန်းလိုတယ်” ဟု ပန်းချီကား ၄ ကား ပါဝင်ပြသသည့် စတုတ္ထနှစ် ကျောင်းသား ကိုလင်းထက်အောင်က ဆင်ဟွာသို့ ပြောသည်။ Narratives on canvas ဟု အမည်ပေးထားသည့် အဆိုပါ ပန်းချီပြပွဲတွင် Oil (ဆီဆေး)- ၄၅ ကား၊ Acrylic- ၈ ကား၊ Charcoal (ခဲမှုန့်)- ၁ ကား၊ Watercolor (ရေဆေး)- ၁ ကား တို့ခင်းကျင်းပြသထားကြောင်း သိရသည်။ (Xinhua)