Connect with us

Videos

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံထံလှူဒါန်းပေးအပ်သော ကိုဗစ်-၁၉ Vaccine များ ရန်ကုန်သို့ပို့ဆောင်ရောက်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံထံလှူဒါန်းပေးအပ်သော ကိုဗစ်-၁၉ Vaccine အကြိမ်ရေ (Doses) ၂ သန်း ထဲမှ ပထမဆုံးအသုတ် Doses ၁ သန်းသည် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့က ဗွီဒီယိုစနစ်ဖြင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပကာ လွှဲပြောင်းပေးအပ်ကြောင်း အသိအမှတ်ပြုလွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ သံရုံးမှ သံမှူးကြီး Ms. Li Xiaoyan နှင့် စီးပွားရေးသံမှူး Mr. Tan Shufu တို့တက်ရောက်ခဲ့ကြသည်။

သံအမတ်ကြီး Mr. Chen Hai က ယနေ့ရန်ကုန်သို့ပို့ဆောင်ရောက်ရှိသည့် လှူဒါန်းပေးအပ်သော Vaccine နှင့် မနက်ဖြန်ထပ်မံရောက်ရှိမည့် လှူဒါန်းပေးအပ်သော Vaccine စုစုပေါင်း Doses ၂ သန်းဖြစ်ကြောင်း၊ တရုတ် Vaccine သည် မြန်မာနိုင်ငံပြည်တွင်း အသက်အပိုင်းအခြားအသီးသီးကို လွှမ်းခြုံနေပြီး မြန်မာနိုင်ငံက ကပ်ရောဂါကိုထိရောက်စွာ ကာကွယ်ထိန်းချုပ်ရေးကို အထောက်အကူပြုပြီး ပြည်သူများကျန်မာရေးကို မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံသည်တရုတ်နိုင်ငံ၏ အရေးပါသောအိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံအစဉ်အလာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်နှင့် အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုတွင် အဆက်မပြတ်ထင်ဟပ်စေကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် အထူးသဖြင့် ကပ်ရောဂါတတိယလှိုင်းဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ Vaccine Doses ၂၂.၆ သန်းထောက်ပံ့ခဲ့ပြီးဖြစ်ကာ ၎င်းအနက် ၅.၉ သန်းသည် အခမဲ့လှူဒါန်းပေးအပ်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်စက်နှင့် ကုသရေးပစ္စည်းများ တင်ပို့ရေးစသည့် ကဏ္ဍအသီးသီးတွင်လည်း အထူးစီစဉ်မှုများလုပ်ဆောင်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် နယ်ပယ်အသီးသီး၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် တရုတ်နိုင်ငံအပါအဝင် ချစ်ကြည်ရေးနိုင်ငံအသီးသီး၏ ထောက်ခံအားပေးမှုအောက်တွင် မြန်မာနိုင်ငံကပ်ရောဂါကာကွယ်ထိန်းချုပ်မှုသည် အဆင့်လိုက် ထိရောက်အောင်မြင်မှုရရှိခဲ့ပြီး မိမိတို့က အလွန်ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai က တရုတ်နိုင်ငံအစိုးရသည် လူသားကျန်းမာရေးအသိုက်အဝန်းအယူအဆကို အမြဲတစေ အရင်းခံပြီး Vaccine ကို တစ်ကမ္ဘာလုံး၌တရားမျှတညီမျှစွာခွဲဝေပေးမှုကို အလွန်အလေးထားကြောင်း၊ တရုတ်နိုင်ငံက ယနေ့တိုင် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော် ကို Vaccine Doses ၁.၄ ဘီလီယံကျော် ထောက်ပံ့ပေးပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping က (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တရုတ်နိုင်ငံက တစ်နှစ်ပတ်လုံး ကမ္ဘာကြီးအတွက် Vaccine ၂ ဘီလီယံ ထောက်ပံ့ပေးနိုင်ရေးကို ဆောလျင်စွာဖော်ဆောင်ပြီး “COVAX” အစီအစဉ်တွင် အမေရိကန်ဒေါ်လာ သိန်း ၁၀၀၀ လှူဒါန်းသည့်အခြေခံတွင် ယခုနှစ်အတွင်း၌ ဖွံ့ဖြိုးဆဲနိုင်ငံများထံ Vaccine Doses သိန်း ၁၀၀၀ လှူဒါန်းပေးအပ်သွားမည်ဟုကြေညာခဲ့ကြောင်း၊ ယခုအကြိမ် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ Vaccine လှူဒါန်းပေးအပ်ခြင်းသည် တရုတ်နိုင်ငံအစိုးရက Vaccine ကို တစ်ကမ္ဘာလုံး Public Goods အဖြစ်သတ်မှတ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လက်လှမ်းမီ အသုံးပြုနိုင်မှုနှင့် ဝယ်ယူနိုင်မှုကို လက်တွေ့ဖော်ဆောင်သော အသေးစိတ်ထင်ဟပ်မှုဖြစ်ကြောင်း၊ မြန်မာနိုင်ငံက အဆက်မပြတ်ဖော်ဆောင်နေသော ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လိုအပ်ချက်အရ Vaccine လှူဒါန်းပေးအပ်ခြင်းနှင့် ဝယ်ယူရာ၌ကူညီပေးခြင်းအပြင် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံမှာ Vaccine အရည်ဖြည့်ထုပ်ပိုးပြီး ပူးပေါင်းထုတ်လုပ်ရန်လည်း ဆွေးနွေးညှိနှိုင်းနေကြောင်း၊ အဆိုပါလုပ်ငန်းက ဆောလျင်စွာ ကောင်းမွန်သောရလဒ်ရရှိနိုင်ရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai က လက်ရှိတွင် နယ်စပ်ဒေသ ကပ်ရောဂါအခြေအနေ ပူးတွဲကာကွယ်ထိန်းချုပ်ရေးအပိုင်းကို ကောင်းမွန်စွာဆောင်ရွက်ခြင်းသည် တရုတ်-မြန်မာနှစ်ဖက်၏ တူညီသောတာဝန်ဖြစ်နေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ကူညီမှုအောက်တွင် တရုတ်-မြန်မာနယ်စပ်ဒေသ၌အသုံးပြုသည့် Vaccine ၁ သန်းနှင့် ကပ်ရောဂါကာကွယ်ရေးပစ္စည်းတွေ များစွာ အသုံးပြုပြီးဖြစ်ကာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အရေးပါဆုံးဖြစ်သော မူဆယ်-ရွှေလီနယ်စပ်ဂိတ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတွင် တည်ဆောက်ထားသည့် ကိုဗစ်-၁၉ ကုသရေးစင်တာကိုလည်း စတင်အသုံးပြုနေပြီဖြစ်ကြောင်း၊ အဆိုပါအစီအမံများက ကပ်ရောဂါကာကွယ် ထိန်းချုပ်မှုကို စီမံရေးနှင့် နယ်စပ်ကုန်သွယ်ရေး အာမခံရေးတို့အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယူနန်ပြည်နယ်သည် ကြီးမားသော ပြည်ပမှကပ်ရောဂါကူးစက်မှုကို ကာကွယ်ရေးဖိအားနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ကပ်ရောဂါကာကွယ်ရေးဂိတ်ပေါက်များ ရှေ့တိုးခြင်း၊ နယ်စပ်ကုန်သွယ်ရေး ကုန်ပစ္စည်းများအား စက်ဖြင့်ဂိတ်ဖြတ်ခြင်း၊ တရားမဝင် နယ်စပ်ကျော်ဖြတ်မှုကို တိုက်ဖျက်ခြင်းတို့မှာ တိုးမြှင့်ဆောင်ရွက်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စနစ်တကျပြန်လည်ဖော်ဆောင်ရေးအတွက် အခြေအနေဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တရုတ်နိုင်ငံအစိုးရက လှူဒါန်းပေးအပ်သော Vaccine များကို မြန်မာနိုင်ငံက ထပ်မံလက်ခံရရှိသည့်အတွက် အလွန်ဂုဏ်ယူမိကြောင်း၊ တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီပေးအပ်မှုနှင့် လှူဒါန်းပေးအပ်သော Vaccine များ အချိန်မီပို့ဆောင်ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား Vaccine ထိုးနှံရေးအစီအစဉ်အရ ယခုအသုတ်လှူဒါန်းပေးအပ်သည့် Sinovac Vaccine များကို အသက် ၁၂ နှစ်နှင့်အထက်လူငယ်ကျောင်းသားကျောင်းသူများအား ထိုးနှံပေးရန် အသုံးပြုပြီး ကျောင်းသားများ ပညာသင်နှစ်အသစ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ် တက်ရောက်ရေးအတွက် ကိုယ်ခံအားကာကွယ်မှု ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ကပ်ရောဂါဖြစ်ပွားလာကတည်းက မြန်မာ-တရုတ်နှစ်နိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများစွာ ဖော်ဆောင်ခဲ့ကြောင်း၊ အထူးသဖြင့် ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေးအပိုင်းတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းပေးအပ်မှုက ဒေသခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်သည့်အပြင် ဆေးကုသရေးကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်၍ ကပ်ရောဂါကာကွယ်ကုသရေးအတွေ့အကြုံများမျှဝေပေးခြင်း၊ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ နိုင်ငံဖြတ်ကျော်ပို့ဆောင်ရာတွင် အထူးစီစဉ်ပေးခြင်း စသည်တို့က နက်ရှိုင်းလှသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်ကို ထင်ဟပ်စေပြီး မြန်မာနိုင်ငံကယင်းအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ-တရုတ် နှစ်ဦးနှစ်ဖက်က ကိုဗစ်-၁၉ Vaccine ကို မြန်မာနိုင်ငံတွင် အရည်ဖြည့်ထုပ်ပိုးထုတ်လုပ်ရန် ဆွေးနွေးနေကြောင်း၊ အဆိုပါလုပ်ငန်းလည်း လက်တွေ့တိုးတက်မှုရရှိပြီး တရုတ်နိုင်ငံ၏ Vaccine နည်းပညာက ပိုမိုများပြားသည့် မြန်မာပြည်သူများကို အကျိုးဖြစ်ထွန်းစေရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံက နယ်စပ်ဒေသ ကပ်ရောဂါပူးတွဲ ကာကွယ်ထိန်းချုပ်ရေးအပိုင်းတွင်လည်း တရုတ်နိုင်ငံလုပ်ငန်းများကို ဆက်လက်တွဲဖက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ တူညီသောတာဝန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ ကောင်းမွန်သည့်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.