Connect with us

Videos

တရုတ်နိုင်ငံ သံရုံး မှ လှူဒါန်းသည့် ဒေါ်ခင်ကြည် ဆေးရုံ အဆောက်အဦးသစ်ပန္နက်တော်တင် မင်္ဂလာကျင်းပ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ လှူဒါန်း၍ မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်းမှ တာဝန်ယူ ဆောင်ရွက်ပေးမည့် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ အဆောက်အဦးသစ်၏ ရတနာပန္နက်တော်တင် ၊ တွင်းတော်ဝန်း မင်္ဂလာ အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ၊ ဗိုလ်ချုပ်ပြတိုက်လမ်း မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၉ နာရီ က ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၏ ဇနီး ဒေါက်တာ ဒေါ်မြသီတာ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး ဝမ်ရွှဲဟုန် (Wang Xue Hong) ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်း ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော် ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း ၊ ဆေးရုံအုပ်ကြီး ဒေါ်သင်းယုဇော် နှင့် မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း ဥက္ကဋ္ဌ ဦးသစ္စာ တို့မှ တက်ရောက် ခဲ့ကြပါသည်။

သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး ဝမ်ရွှဲဟုန် က ယခု လှူဒါန်းခြင်း အခမ်းအနား ဖြစ်မြောက်ရေး အတွက် ကူညီဆောင်ရွက်ပေး ခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၊ ကျန်းမာရေး ဝန်ကြီးဌာန နှင့် အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးကြသူများအား ကျေးဇူးတင်ရှိကြောင်း ၊ ဒေါ်ခင်ကြည်ဆေးရုံ ကို အဆင့်မြှင့်တင်မှု ဆောင်ရွက်ပြီးစီးပါက ပစ္စည်းကိရိယာ နှင့် လုပ်ဆောင်နိုင်မှုစွမ်းရည် အပြည့်အစုံပါဝင်သော အမျိုးသမီး ဆေးရုံ ဖြစ်စေမည်ဖြစ်ကြောင်း ၊ ပစ္စည်းကိရိယာ များနှင့် တွဲဖက် လုပ်ကိုင်ဆောင်ရွက်ရန် အတွက် ဆေးရုံဝန်ထမ်း ပြုစုပျိုးထောင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ယခု ဆေးရုံ အဆောက်အဦးသည်လည်း ပထမ ဆုံးသော တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ ဖြစ်ကြောင်း ၊ တရုတ် သံရုံး အနေဖြင့် ဆက်လက်၍ မြန်မာ နိုင်ငံ ပြည်သူလူထု လူနေမှုဘဝ မြင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ဒေါ်ခင်ကြည်ဆေးရုံအား မြန်မာနိုင်ငံ ကျေးလက်ဒေသ အတွက် အဓိက အထောက်အကူ ဖြစ်စေမည့် ဆရာမများကို သင်ကြားပို့ချပေးသည့် သင်ကြားရေး ဆေးရုံကြီး ဖြစ်စေရန် စီမံကိန်း ကို လမ်းညွှန်ခဲ့ရာတွင် တရုတ် နိုင်ငံ မှ ပါဝင်ကူညီ လှူဒါန်း ပေးခဲ့သည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၏ လမ်းညွှန်မှု နှင့် အညီ တရုတ် နိုင်ငံ သံရုံး နှင့် တွေ့ဆုံဆွေးနွေးကာ တရုတ် နိုင်ငံ သံရုံး မှ လုံလောက်သော အကူအညီ လှူဒါန်းမှု ပြုလုပ်ခဲ့သည့် အတွက် ဆေးရုံသစ် အဖြစ် အဆင့်မြှင့်တင် နိုင်ခဲ့ကြောင်း ၊ မိမိ တို့မှ လိုအပ်သည့် အရာအားလုံး ကို အဘက်ဘက် မှ ကူညီဆောင်ရွက်ပေးခဲ့သည့် တရုတ် နိုင်ငံ အား ကိုယ်စားပြုသည့် သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး ဝမ်ရွှဲဟုန် အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

နောက်ဆုံးတွင် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော် က ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံကို ပြုပြင်နိုင်ရန် ၊ မွမ်းမံနိုင်ရန် နှင့် အသစ်ဆောက်လုပ်နိုင်ရန် ထောက်ပံ့ကူညီ ခဲ့သည့် တရုတ် နိုင်ငံ အစိုးရ ကို ကျေးဇူးတင်ရှိကြောင်း ၊ ဆေးရုံကြီး အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးပါက အရည်အသွေးကောင်းမွန်သည့် ကုသမှုများ ဆောင်ရွက်နိုင်မည့် အပြင် ကျေးလက်နေပြည်သူများအတွက် အထူး အားကိုးရသော သားဖွားဆရာမ များကိုလည်း အရည်အသွေးပြည့် မွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ၊ ထို့ပြင် တရုတ် နိုင်ငံ အနေဖြင့် ယခု ဆေးရုံတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား အဆင့်မြှင့်တင်ရန် အတွက် သင်ကြားပို့ချပေးမည့် အတွက် ကျေးဇူးတင်ကြောင်း ၊ ယခု လှူးဒါန်မှု အတွက် ကူညီဆောင်ရွက် စီမံပေးခဲ့သူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့ပြီးနောက်တွင် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးကြောင်းကို ကြေညာ ခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.