Videos
တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်းက အရေးပေါ်ကူညီကယ်ဆယ်ရေး သင်တန်း ပို့ချ
ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) နှင့် တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း တို့မှ ပူးပေါင်း ဖွင့်လှစ်သည့် သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်နေ့ က ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား အနောက်ဘက်မုခ် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲ အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် နှင့် အစိုးရ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အသင်း အဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ကိုယ်စား ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ယခု ဖွင့်လှစ်သည့် သဘောဝဘေးအန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း သည် မြန်မာ နိုင်ငံ အတွက် လွန်စွာ လိုအပ်နေသည့် သင်တန်း တစ်ခု ဖြစ်ကြောင်း ထောက်ပံ့ကူညီခဲ့သည့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံး ကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် နောင်တစ်ချိန် မြန်မာ နိုင်ငံ၌ သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက မည်သို့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သင်တန်း လာရောက် ပို့ချခြင်း ဖြစ်ပြီး ထူးချွန်သူများ ကို တရုတ် နိုင်ငံ တွင် ဆက်လက်၍ သင်တန်း ပို့ချပေးမည် ဖြစ်ကြောင်း ၊သင်တန်းလာရောက်ပို့ချပေးသည့် တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အဖွဲ့ မှ အဖွဲ့ဝင်များ နှင့် တရုတ် နိုင်ငံ သံရုံး မှ သက်ဆိုင်ရာ တာဝန်ရှိသူ ပုဂ္ဂိုလ်များအား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။ Blue Sky ကယ်ဆယ်ရေး အသင်း သင်တန်းနည်းပြခေါင်းဆောင် ကျန်းယွီဖူ (Zhang Yupu) က Blue Sky ကယ်ဆယ်ရေး အဖွဲ့၏ အတွေ့အကြုံ များအား မြန်မာ နိုင်ငံ ပြည်သူလူထု များကို မျှဝေခြင်းအားဖြင့် မြန်မာ နိုင်ငံ ၏ ကယ်ဆယ်ရေး လုပ်ငန်း တိုးတက်ရန် အတွက် ဆောင်ရွက်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။ ထို့နောက်တွင် Blue Sky ကယ်ဆယ်ရေး အသင်း သင်တန်းနည်းပြ ဝမ်ရိ (Wang Yi) က သင်တန်း နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြ ပေးခဲ့ပြီး ရွှေတိဂုံ စေတီတော်မြတ်ကြီး အတွက် အလှူငွေများ ပေးအပ် လှူဒါန်း ခဲ့သည်။ ယခု ဖွင့်လှစ်ခဲ့သည့် သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း အား အချိန် ၃ ရက်ကြာ သင်တန်း ပို့ချပေးမည် ဖြစ်ပြီး ရန်ကုန်မြို့ ဒေသ အသီးသီး မှ သင်တန်းသား စုစုပေါင်း ၆၁ ဦး ကို သင်တန်း ပို့ချပေးမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)