Connect with us

Videos

တရုတ်-မြန်မာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်တက္ကသိုလ် မြန်မာရေးရာ လေ့လာရေးဌာနနှင့် မြန်မာနိုင်ငံ မြန်မာရေးရာ လေ့လာရေးအဖွဲ့ (CMAS) တို့မှ ကြီးမှူးကျင်းပသည့် “တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် တည်ဆောက်မှုတွင် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ”အား နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ Lotte Hotel၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံဘက်မှ ယူနန်တက္ကသိုလ်၊ ရှမန်တက္ကသိုလ်၊ ယူနန်ဘဏ္ဍာရေးနှင့် စီးပွားရေးတက္ကသိုလ် ၊ ယူနန်စီမံခန့်ခွဲရေးဆိုင်ရာကောလိပ်၊ တရုတ် စက်မှုစီးပွားဆိုင်ရာ ဖက်ဒရေးရှင်း(CFIE)မှ သက်ဆိုင်ရာပညာရှင်များ၊ Power Construction Corporation of China ၊ China National Petroleum Corporation ၊ China Southern Power Grid ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံဘက်မှ မြန်မာရေးရာလေ့လာရေးအဖွဲ့မှပညာရှင်များ ၊ NLDပါတီမှကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ၊မြန်မာနိုင်ငံ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖွဲ့ အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၈၀ ကျော် ပါဝင်တက်ရောက် ခဲ့ကြသည်။

ပထမဦးစွာ ယူနန်တက္ကသိုလ် မြန်မာရေးရာ လေ့လာရေးဌာနမှ ဌာနမှူး ပါမောက္ခ ဒေါက်တာ လီချန်ရန်နှင့် မြန်မာရေးရာ လေ့လာရေးအဖွဲ့ အကြီးတန်း အကြံပေး ဦးအေးမောင်ကျော် မှ ဆွေးနွေးပွဲကျင်းပသည့် ရည်ရွယ်ချက်နှင့် ဆွေးနွေးပွဲပါဝင်တက်ရောက်သည့် ကိုယ်စားလှယ် များအား မိတ်ဆက်ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်မှ ကျွမ်းကျင်ပညာရှင် ၉ ဦး ၊ မြန်မာနိုင်ငံဘက်မှ ကျွမ်းကျင်ပညာရှင် ၉ ဦးက ကဏ္ဍအလိုက်ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ခဲ့ကြရာ အခြားဆွေးနွေးပွဲတက်ရောက်သူများကလည်း တက်တက်ကြွကြွပါဝင်ဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာရေးရာ လေ့လာရေးအဖွဲ့ အကြီးတန်းအကြံပေး ဆရာ ဦးအေးမောင်ကျော်က မည်သည့်နိုင်ငံမဆို စွမ်းအင်ကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ မှန်ကန်သည့် စွမ်းအင်ပေါ်လစီချမှတ်ရန် လိုအပ်ကြောင်း ၊ မြန်မာနိုင်ငံတွင် ယခု ချမှတ်ထားသည့် စွမ်းအင်ပေါ်လစီအရ ၂၀၃၀ ခုနှစ်တွင် လူတိုင်းလျှပ်စစ်မီးရရန်ရည်မှန်းချက်ရှိကြောင်း ၊ သို့သော် ၂၀၁၇-၂၀၁၈ ခုနှစ် လျှပ်စစ်ဓာတ်အားကဏ္ဍမြုပ်နှံမှုမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကိုကြည့်လျှင် ဒေါ်လာ ၄၀၅ သန်းသာရှိရာ နံပါတ် ၅ အဆင့်တွင်သာရှိကြောင်း၊ ၎င်းကဏ္ဍတွင် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုများ အလွန်အားနည်းကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိသောကြောင့် စီးပွားရေးလုပ်ငန်းများပိတ်သိမ်းသွားရသည်များရှိရာ ဆုံးရှုံးနစ်နာမှု မှာ ဒေါ်လာ သန်း ၅၀၀ နီးပါးရှိကြောင်း ၊ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးလက္ခဏာဆောင် သည့် ခေတ်သစ်ပိုးလမ်းမကြီးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသည် အရေးပါသည့်နေရာရှိရာ မြန်မာနိုင်ငံ၏ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို မြန်မာနိုင်ငံက လိုလားသလို တရုတ်နိုင်ငံကလည်း လိုလားကြောင်း ၊ ဤကဲ့သို့ အကျိုးစီးပွားထပ်တူကျလျက်ရှိ သည့်အချိန်တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ပါက နှစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် များစွာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၊ထိုသို့ပူးပေါင်းဆောင်ရွက်ရာမှာ အခက်အခဲ စိန်ခေါ်မှုများစွာရှိနေကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ နှစ်ဖက်အပြန်အလှန် နားလည်မှုများ တိုးပွားလာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒီလှိုင်းဂျာနယ် အယ်ဒီတာချုပ် မုံရွာအောင်ရှင်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်သည်မှာ လျှပ်စစ်စွမ်းအင်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံတွင် စွမ်းအင်နှင့်ပတ်သက်၍ ရေသယံဇာတအလွန်ပေါများရာ ကောင်းစွာအသုံးချနိုင်ပါက တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အထောက်အကူများစွာ ဖြစ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲပါဝင်တက်ရောက်သည့် ပညာရှင်များကလည်း စွမ်းအင်တည်ဆောက်မှုကဏ္ဍတွင် တရုတ်နိုင်ငံအနေဖြင့် အတွေ့အကြုံနှင့်နည်းပညာများကို မျှဝေပေးစေလိုကြောင်း ပြောကြားခဲ့ သည်။ ယခုကျင်းပသည့် ဆွေးနွေးပွဲသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင် ပညာရှင်များ၊ နိုင်ငံရေးနယ်ပယ်မှ ပညာရှင်များနှင့် ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပထမအကြိမ်ဆွေးနွေးပွဲဖြစ်ပြီး တက်ရောက်ခဲ့ကြသူ အများစုမှာ စွမ်းအင် ကဏ္ဍတွင် လက်တွေ့ဆောင်ရွက်နေသည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများ ဖြစ်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.