Connect with us

Videos

အမေရိကန်၊ရုရှား နှစ်နိုင်ငံ သမ္မတတို့၏ ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုမှာ အပြုသဘောဆောင်သည်ဟု ဆို

ဟယ်လ်စင်ကီ ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့၏ ပထမအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်က ဖင်လန်နိုင်ငံ၏ မြို့တော်ဟယ်လ်စင်ကီတွင် ကျင်းပခဲ့သည်။ ထိုတွေ့ဆုံမှုနှင့်စပ်လျဉ်းပြီး နှစ်ဖက်စလုံးက အပြုသဘောဆောင်ကြောင်း ၊ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသည် ဖင်လန်နိုင်ငံသမ္မတအိမ်တော်တွင် နာရီအနည်းငယ်ကြာ တံခါးပိတ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ဆွေးနွေးပွဲပြီးနောက် ကျင်းပသည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထရမ့် က ၎င်းနှင့်ပူတင်သည် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားဝင်ရောက်နှောင့်ယှက် ခဲ့သည်ဟု သံသယရှိနေသည့်ကိစ္စ၊ မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာ ၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ အီရန်၊ ဆီးရီးယား အခြေအနေစသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ၊ တွေ့ဆုံဆွေးနွေးမှုမှာအပြုသဘောဆောင်ကြောင်း၊ အဆိုပါကိစ္စများနှင့်စပ်လျဉ်း ပြီး ဆက်လက်ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း ၊ ယနေ့တွေ့ဆုံမှုသည် နောက်လျှောက်လှမ်း ရမည့် ခရီးရှည်၏အစသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဤတစ်ကြိမ်တွေ့ဆုံမှုကို ကျေနပ်အားရကြောင်း ၊ တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ်တည်းဖြင့် နှစ်နိုင်ငံအကြားတည်ရှိနေသည့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည်မဟုတ်သော်လည်း မှန်ကန်သည့်လမ်းကြောင်းကို လျှောက်လှမ်းသည့် ပထမခြေလှမ်းဖြစ်ကြောင်း ရုရှား သမ္မတ ပူတင် က ဆိုသည်။ ဆက်လက်၍ ၎င်းက ထရမ့်နှင့်တွေ့ဆုံဆွေးနွေးမှုသည် ပွင့်ပွင့်လင်းလင်းရှိပြီး အောင်မြင်၊အကျိုးရှိသည့် တွေ့ဆုံဆွေးနွေးပွဲဖြစ်ကြောင်း ၊ နှစ်နိုင်ငံ နျူကလီးယားထိန်းချုပ်ရေးနှင့် ကုန်သွယ်ရင်းနှီးမြုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး စသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.