Connect with us

Videos

တူရကီ နှင့် ဆီးရီးယားနိုင်ငံတို့၌ အင်အားပြင်းမြေငလျင်များကြောင့် သေဆုံးဒဏ်ရာရသူ များပြား

အန်ကာရာ ၊ ဒမတ်စကတ်စ် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ နှင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့တွင် ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းငလျင်များ လှုပ်ခတ်ခဲ့သည်။ယင်းနှစ်နိုင်ငံရှိ သေဆုံးသူအရေအတွက်မှာ ၈,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး လူပေါင်းသောင်းနှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။တူရကီနိုင်ငံ၌ နိုင်ငံ အနောက်မြောက်ပိုင်းမှ တောင်ပိုင်းဒေသအထိ ရှည်လျားသော အဝေးပြေးလမ်းမကြီးသည် ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းတွင် အထောက်အကူပစ္စည်းများ နှင့် ဆောက်လုပ်ရေးပစ္စည်း မျိုးစုံသယ်ဆောင်လာသည့် ကုန်တင်ကားများ ၊ အိမ်စီးကားများနှင့် ပြည့်ကျပ်နေခဲ့ကြောင်း သိရသည်။

အဝေးပြေးလမ်းပေါ်တွင် ညအချိန် ရေခဲ နှင့် နှင်းများ ကျဆင်းနေသော်လည်း အားလုံးမှာ ငလျင်ဒဏ်သင့်နေရာသို့ တတ်နိုင်သမျှ အမြန်ဆုံးသွားရောက်ရန် အလျင်လိုနေကြကြောင်း သိရသည်။
“ကျွန်တော်တို့ အဲဒီမှာ ရှိတဲ့သူတွေကို ကူညီဖို့ သွားနေကြတာပါ ။ ဒါက လူသားချင်းစာနာမှု ၊ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေ ၊ ကျွန်တော်တို့ ပြည်သူတွေအတွက် လုပ်နေတာပါ”ဟု ဒေသခံကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦး ဖြစ်သူ AHMET MORIS က ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်သည် အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရသည့် ဒေသများအနက် တစ်ခု ဖြစ်ပြီး ပြည်သူများမှာ ငလျင်ဒဏ်ကြောင့် တုန်လှုပ်နေကြဆဲ ဖြစ်ကြောင်း သိရသည်။
အလက်ပိုမြို့ခံ MUHAMMAD BOUSHI က “ငလျင်လှုပ်တာကို ခံစားရပြီးတော့ ချက်ချင်းလမ်းတွေပေါ် ကျွန်တော်တို့ ထွက်လာခဲ့ပါတယ်။ လူတိုင်းက လမ်းတွေပေါ် ထွက်လာခဲ့ကြပါတယ်။ ပြီးတော့ အဆောက်အဦတွေ ပြိုကျတယ်ဆိုတာ ကြားလို့ ကူညီဖို့ လာခဲ့တာပါ ။ အရပ်သားပြည်သူတွေက အပျက်အစီးတွေအောက်က ရှင်တဲ့သူဖြစ်ဖြစ် သေဆုံးသွားတဲ့သူ ဖြစ်ဖြစ် ကယ်ဆယ်ဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ကျွန်တော့အစ်ကို ၊ သူရဲ့ ဇနီး နဲ့ သူတို့ရဲ့ ကလေးသုံးယောက်က အပျက်အစီးတွေအောက်မှာ ရှိနေတုန်းပါပဲ ။ တယ်လီဖုန်းနဲ့ သူတို့ကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။ ဖုန်းက ခေါ်လို့ ရနေပေမဲ့ တစ်ယောက်မှ ပြန်မထူးကြပါဘူး။”ဟု ပြောကြားခဲ့သည်။

“မနက် ၄ နာရီခွဲလောက်မှာ အိမ်တွေက စပြီး လှုပ်ခတ်လာလို့ ကျွန်တော်တို့ နိုးလာခဲ့ပြီးတော့ လမ်းတွေပေါ် ထွက်လာခဲ့ပါတယ်။ ပေါက်ကွဲသံလိုမျိုး မြည်ဟည်းသံ ကြားရပြီးတော့ ဘာတွေ ဖြစ်လဲ ၊ ဘာတွေ ကူညီရမလဲဆိုပြီး အပြေးအလွှား သွားကြည့်ခဲ့ပါတယ်။ အပျက်အစီးတွေအောက်က လူတွေအားလုံး အသက်ရှင်နေကြဖို့ မျှော်လင့်ပါတယ်”ဟု အလက်ပိုမြို့ခံ MAHMOUD MUHAMMAD က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သေဆုံးမှုအများအပြားအတွက် လွန်စွာ ဝမ်းနည်းမိကြောင်း ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဥရောပ အဖွဲ့ဝင် ၁၀ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များအား ငလျင်ဒဏ်သင့်ဒေသများသို့ စေလွှတ်ထားကြောင်း ဥရောပကော်မရှင်က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံရှိ အစိုးရမဟုတ်သော ကယ်ဆယ်ရေးအဖွဲ့သည် တူရကီနိုင်ငံ၌ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ရန် ဖေဖော်ဝါရီ ၇ ရက်က အရှေ့ပိုင်းလေဆိပ်တစ်ခုမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံ ၊ အိန္ဒိယနိုင်ငံ ၊ အီဂျစ်နိုင်ငံ နှင့် အခြားနိုင်ငံများကလည်း တူရကီ နှင့် ဆီးရီးယားနိုင်ငံအား ပံ့ပိုးပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။
တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan က ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံအများအပြားထံမှ ကူညီရန် ကမ်းလှမ်းမှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.