Videos
ရေကြီးရေလျှံမှု ကာကွယ်ရေး တရုတ်နိုင်ငံ ပညာရှင်များနှင့် ပူးပေါင်း လုပ်ဆောင်မည်
နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ အဓိက ပင်မ မြစ်ကြောင်း ဖြစ်သည့် ဧရာဝတီ မြစ်ကြောင်းကို ရေရှည် ထိန်းသိမ်း ကာကွယ်ရေး အတွက် တရုတ် ဆည်မြောင်း ပညာရှင်အဖွဲ့များနှင့် ပူးပေါင်း လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ယနေ့ နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်အဖွဲ့၏ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ရေကြီး ရေလျှံမှု ကာကွယ်ရေး အတွက် လေ့လာမှုနှင့် အကြံပြုချက်များသည် မြန်မာနိုင်ငံ အတွက် များစွာ အကျိုးရှိကြောင်း ၊ တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်များ၏ အကြံပြုချက်များ အရ ရေကြီး ရေလျှံမှု ရေရှည် ကာကွယ်ရေး အစီအစဉ်ကို မြန်မာ ပညာရှင်များနှင့် ပူးပေါင်းကာ ရေးဆွဲမည် ဖြစ်ပြီး ယခုနှစ်အတွင်း အရေးပေါ် ဆောင်ရွက်မှု အဖြစ် လာမည့် မိုးရာသီ မတိုင်မီ ရေကြီး ရေလျှံမှုကြောင့် ပျက်စီးသွားသော နေရာ၊ အဆောက်အအုံများကို ပြုပြင် မွမ်းမံမည် ဖြစ်ကြောင်း ၊ ယင်းသို့ ဆောင်ရွက်ရာတွင် တရုတ် နိုင်ငံ၏ အကူအညီများစွာကို မျှော်လင့်ထားပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းကာ နည်းပညာများ ဖလှယ်ခြင်း၊ ပူးပေါင်းခြင်းတို့ကို ပိုမို ဆောင်ရွက်သင့်ကြောင်း၊ အဆိုပါ ဆောင်ရွက်ချက်သည် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမို ကောင်းမွန်စေကြောင်း ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ဆိုသည်။
တရုတ်နိုင်ငံမှ ရေအရင်း အမြစ်ဆိုင်ရာ ပညာရှင်များ အဖွဲ့သည် မြန်မာနိုင်ငံတွင် အနာဂတ် ရေဘေး အန္တရာယ် ကာကွယ်ရေးနှင့် လယ်ယာ စိုက်ပျိုးမှု ထွန်းကားရေးကို အထောက်အကူ ပြုရန် အတွက် ဧရာဝတီ မြစ်ကြောင်း တလျှောက် ရေစီးဆင်းမှုနှင့် ရာသီဥတု ဆိုင်ရာ လက်ရှိ အခြေအနေများကို စေ့စပ်စွာ လေ့လာ စစ်ဆေးရန် ရန်ကုန်တိုင်း ဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြစ်ကြောင်း တစ်လျှောက်မြို့နယ်များသို့ သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ (Xinhua)