Videos
အီကွေဒေါနိုင်ငံတွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲမည်
ကွီတို၊ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)
အီကွေဒေါနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် Guayaquil မြို့တွင် ဒေသတွင်းလိုက်လျောညီထွေဖြစ်စေပြီး အများပြည်သူတို့ အသုံးပြုနိုင်မည့် ဘတ်စ်ကားအဖြစ် လျှပ်စစ်ဘတ်စ်ကားများကို တရုတ်နိုင်ငံက ဒီဇိုင်းထုတ်လုပ်ကာ လူဦးရေ နှစ်သန်းခန့်အခြေချနေထိုင်သည့် ထိုမြို့အတွင်းပြေးဆွဲသွားမည်ဟုသိရသည်။ အဆိုပါလျှပ်စစ်ဘတ်စ်ကား များကို အီကွေဒေါနိုင်ငံ၏ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကုမ္ပဏီဖြစ်သည့် Saucin က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပထမအသုတ်အဖြစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က Manta ဆိပ်ကမ်းသို့ အစင်း ၂ဝ ရောက်ရှိခဲ့ရာ အီကွေဒေါနိုင်ငံ၏ ဒုတိယ သမ္မတ က လက်ခံရယူခဲ့သည်။ လေအေးပေးစက်များပါဝင်သည့် အဆိုပါလျှပ်စစ်ဘတ်စ်ကားများကို နေ့စဉ် ပြည်သူပေါင်း ၁ဝ၅ဝဝ ခန့် အသုံးပြုနိုင်မည်ဖြစ်ပြီး ခရီးသွားသူများ စိတ်ချလုံခြုံစွာသွားလာနိုင်စေရန် စောင့်ကြည့်ကင်မရာများ တပ်ဆင်ပေးထားသည့်အပြင် မသန်စွမ်းများလည်းသွားလာနိုင်စေရန် ဘီးတပ် ထိုင်ခုံများနှင့် ကားတက်ဆင်းနိုင်မည့် စနစ်များကိုပါ ထည့်သွင်းထားကြောင်းသိရသည်။ လျှပ်စစ်ဘတ်စ်ကားများဖြစ်သောကြောင့် လေထုညစ်ညမ်းမှုမရှိဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချပေးနိုင်ကြောင်း၊ အဆင့်မြင့် နည်းပညာများကို အသုံးပြုထားသည့်အတွက် ခရီးသွားပြည်သူများ လွယ်ကူအဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ကြောင်း အီကွေဒေါနိုင်ငံ၏ဒုတိယသမ္မတက ပြောကြားခဲ့သည်။(Xinhua)