Connect with us

Local

မြန်မာနိုင်င်ငံက ၁၀ လနီးပါးကာလတွင် ပဲမျိုးစုံတန်ချိန် ၁.၃၅ သန်းကျော်အား ပြည်ပသို့တင်ပို့နိုင်ခဲ့

ရန်ကုန်မြို့ရှိ ပဲလုပ်ငန်းတစ်ခုတွင် ပဲများကို စစ်ဆေးနေသည့် အလုပ်သမားတစ်ဦးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ယမန်နှစ်ဧပြီလမှ စတင်သော ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ၁၀ လနီးပါးကာလတွင် ပဲမျိုးစုံတန်ချိန် ၁.၃၅ သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။၂၀၂၂ နှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။မြန်မာနိုင်ငံသည် အဆိုပါ ကာလအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ပဲမျိုးစုံ တန်ချိန် ၁.၁၈ သန်းကျော် တင်ပို့ခဲ့ပြီး ကုန်လမ်းနယ်စပ်များမှတစ်ဆင့် ပဲမျိုးစုံ ၁၇,၈၀၄ တန်ကျော် သယ်ယူပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များက ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ရှည်လျားသောကမ်းရိုးတန်းရှိသည့်အားလျော်စွာ ပင်လယ်ရေကြောင်းမှတစ်ဆင့် နိုင်ငံခြားကုန်သွယ်မှုကို အများဆုံးပြုလုပ်လေ့ရှိသည်။ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်လျက်ရှိသည်။

ပဲမျိုးစုံသည် ဆန်စပါးပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးသော ကောက်ပဲသီးနှံများဖြစ်ပြီး နိုင်ငံ၏ စုစုပေါင်း လယ်ယာထုတ်လုပ်မှု၏ ၃၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားထံ ပဲမျိုးစုံကို တင်ပို့လျက်ရှိသည်။ (Xinhua)