Connect with us

Videos

နှင်းလျှောစီးဖို့အမြဲစိတ်အားထက်သန်နေတဲ့ အသက် ၈၇ နှစ်အရွယ် အဘွား

ဝူးလူမုချီ ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့ရှိ နှင်းလျှောစီးအပန်းဖြေနေရာတစ်ခု၌ အသက် ၈၇ နှစ် အရွယ်ရှိ လျိုကျစ်ဟွာသည် ငယ်ရွယ်သော နှင်းလျှောစီးအားကစားဝါသနာအိုးများကဲ့သို့ပင် ဆင်ခြေလျှော မှ လျှင်လျှင်မြန်မြန် နှင့် ကျွမ်းကျင်စွာ လျှောဆင်းသွားခဲ့သည်။သားဖြစ်သူ၏ အားပေးမှုဖြင့် လျိုက ၂၀၀၇ ခုနှစ်တွင် နှင်းလျှောစီးနင်းခြင်းကို စတင်ခဲ့သည်။ နှင်းလျှောစီးနင်းခြင်း၏ ပျော်ရွှင်မှုကို တွေ့ကြုံခံစားရပြီးနောက် လျိုက အားကစားကို အလွန်အမင်း ဝါသနာထုံစွဲလမ်းကာ ဆောင်းရာသီတိုင်း ၎င်း၏ ခင်ပွန်းဖြစ်သူနှင့်အတူ နှင်းလျှောစီးနင်းခဲ့ကြောင်း သိရသည်။

အသက် ၈၇ နှစ်အရွယ် နှင်းလျှောစီးသမားဖြစ်သူ လျိုကျစ်ဟွာက “ကျွန်မက အသက် ၇၂ နှစ်မှာ ကျွန်မရဲ့ခင်ပွန်းက အသက် ၇၄ နှစ်မှာ နှင်းလျှောစစီးခဲ့ပါတယ်။ အဲဒီတုန်းကတော့ နည်းနည်းစိတ်လှုပ်ရှားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မသားရဲ့ အားပေးမှုနဲ့ စမ်းလုပ်ကြည့်နိုင်လိမ့်မယ်ထင်ပါတယ်။ ကျွန်မတို့ တစ်ယောက်စီမှာ နည်းပြနှစ်ယောက် ရှိပြီးတော့ လက်ချင်းချိတ် သင်ကြားပေးပါတယ်။ ပထမတစ်ရက်က ခက်ခဲခဲ့ပါတယ်။ ကျွန်မရဲ့ ခါး နဲ့ ခြေထောက်တွေ နာကျင်ကိုက်ခဲခဲ့ပါတယ်။ အဲဒီပြီးတော့ နောက်ရက်မှာ နှင်းလျှောစီးရင်း သွားလာနိုင်ပြီးတော့ နည်းနည်းတော့ ယုံကြည်မှု ပိုရှိလာပါတယ်။ တတိယမြောက်နေ့မှာ နည်းပြတွေက နောက်ကျောဘက်နဲ့ ဘေးဘက်တွေကနေ အကာအကွယ်ပေးပြီးတော့ နှင်းလျှောစီးလို့ကောင်းတဲ့ ဆီးနှင်းသိပ်သည်းရာ လမ်းကြောပေါ်ကို ကျွန်မတို့ သွားခဲ့ပါတယ်။ ပြီးတော့ ကျွန်မတို့ ဆင်ခြေလျှော လေးတစ်ခုကနေလျှောဆင်းပြီးတော့ နှင်းလျှောစီးနင်းနိုင်ခဲ့ပါတယ်။ အတတ်ပညာက လေ့ကျင့်မှုကနေ ဖြစ်လာပါတယ်။ နှင်းလျှောစီးတာကို ကျွန်မ တစ်ဖြည်းဖြည်းနဲ့ စီးတက်လာခဲ့ပြီးတော့ လူတွေက ပြောလာခဲ့ရင်တောင် ကျွန်မ လက်လျော့မှာ မဟုတ်ပါဘူး ။ ဆင်ခြေလျှော အသေးကနေ ဆင်ခြေလျှော အလတ်အထိ ပြီးတော့ ဆင်ခြေလျှော အကြီးအထိ နေ့တိုင်း အကြိမ်ပေါင်းများစွာ နှင်းလျှောစီးသွားမှာပါ ။ နှင်းလျှောစီးတဲ့ ပြိုင်ပွဲတွေမှာ နှစ်ကြိမ်ပါဝင်ခဲ့ဖူးပါတယ်။ ဆုတံဆိပ်အတွက် ပြိုင်ခဲ့တာ မဟုတ်ပါဘူး ။ ကျွန်မအတွက်က လဲမကျဘဲ ပန်းဝင်သွားနိုင်ရင် လုံလောက်ပါပြီ ။ “ဟု ပြောကြားခဲ့သည်။ (Xinhua)