Politics & Security
တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်းအား ထိရောက်စွာ အကောင်အထည်ဖော် ရန် အာဆီယံ-တရုတ် ကြေညာချက် ထုတ်ပြန်
ဗီယင်ကျန်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း (DOC) အား ထိရောက်ပြီး အပြည့်အဝ အကောင်အထည်ဖော်ရန် အတွက် အာဆီယံနှင့် တရုတ်နိုင်ငံတို့မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ ၁၉ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေးနှင့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ၂၅ နှစ်မြောက် အထိမ်းအမှတ်ပွဲအား ပြုလုပ်ခဲ့သည်။ ထိပ်သီး အစည်းအဝေး၌ အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် မောင်းနှင်သွားလာခြင်း ဆိုင်ရာ လွတ်လပ်ခွင့်၊ ပင်လယ်ပြင်ပေါ် ဖြတ်သန်းခွင့် စသည့် အရေးပါသော အချက်များအား နှစ်ဘက်လုံးက မီးမောင်းထိုးပြခဲ့သည်။
လွန်ခဲ့သော ၂၅ နှစ်ကျော် ကာလအတွင်း အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး၏ အရေးပါသော လုပ်ဆောင်မှုများအား ကြိုဆိုကြောင်း၊ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းနှင့် အာဆီယံ-တရုတ် ဆက်ဆံရေး ပိုမို တိုးမြှင့်ခြင်း အတွက် ၂+၇ ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကဲ့သို့သော တရုတ်နိုင်ငံ ကနဦး လုပ်ဆောင်မှုများအား အာဆီယံ ခေါင်းဆောင်များက မှတ်ချက်ပြုခဲ့ကြောင်း၊ ခိုင်မာသော အရှိန်အဟုန်များဖြင့် အာဆီယံ-တရုတ် စီးပွားရေး ဆက်ဆံမှုများအား ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပူးတွဲ ကြေညာချက်၌ ဖော်ပြထားသည်။
ထို့ပြင် ၂၀၁၇ ခုနှစ်တွင် ကျရောက်မည့် အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုနှစ်အား ကြိုဆိုကြောင်းနှင့် ခရီးသွား ဧည့်သည်များ အပြန်အလှန် တိုးမြှင့်ရေးနှင့် ပြည်သူ အချင်းချင်း ဖလှယ်မှု မြှင့်တင်ရေး စသည်တို့အား ရှေးရှုလုပ်ဆောင်သွားမည့် အချက်အား ခေါင်းဆောင်များက ကြိုဆိုခဲ့ကြကြောင်း ပူးတွဲ ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)