Connect with us

Social & Culture

(၃၄) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့်ပတ်သက်၍ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်

(၃၄)ကြိမ်မြောက် အာဆီယံ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန) .

နေပြည်တော်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

(၃၄) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် ၂၀၁၅ ခုနှစ်၊ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ၃၃ ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေး၌ အတည်ပြုခဲ့သည့် ASEAN Plan of Action on Energy Cooperation (APAEC) 2016-2025 ရဲ့ Phase 1 ဖြစ်သည့် APAEC 2016-2020 ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဆောင်ရွက်သွားမည့် အာဆီယံ စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း အစီအစဉ်များကို အတည်ပြုခြင်း အပါအဝင် ယခု ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အတည်ပြု ဆွေးနွေးခဲ့ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ယခုဆွေးနွေးပွဲတွင် အာဆီယံ အပါအဝင် ဒေသတွင်း ဆွေးနွေးဘက် နိုင်ငံများနှင့် အဖွဲ့အစည်းများ အကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ၊ အာဆီယံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍခွဲများ ဖြစ်သော အာဆီယံ ရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင်သော ကျောက်မီးသွေး သုံးစွဲရေး နည်းပညာဆိုင်ရာ ကဏ္ဍခွဲ၊ အာဆီယံ လျှပ်စစ်စွမ်းအားဆိုင်ရာ ကဏ္ဍခွဲ၊ စွမ်းအင် အကျိုးရှိ ထိရောက်စွာ အသုံးပြုရေးနှင့် စွမ်းအင်ခြိုးခြံ ချွေတာရေး ကဏ္ဍခွဲ၊ ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲ၊ ဒေသတွင်း စွမ်းအင် မူဝါဒနှင့် စီမံခန့်ခွဲရေး ဆိုင်ရာကဏ္ဍခွဲ၊ မြို့ပြသုံးနျူကလီးယား စွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲ၊ အာဆီယံ စွမ်းအင် မူဝါဒချမှတ်သူများ အဖွဲ့အစည်း ကွန်ရက်နှင့် အာဆီယံ စွမ်းအင်ဗဟိုဌာန အဆင့်မြှင့်တင်ရေး ကဏ္ဍများနှင့် ပတ်သက်၍ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို အပြန်အလှန် ညှိနှိုင်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

(၃၄)ကြိမ်မြောက် အာဆီယံ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပစဉ် (ဆင်ဟွာ)
အဆိုပါ ဆုံးဖြတ်ချက် အချို့တွင် ၂၀၂၅ ခုနှစ်တွင် အာဆီယံဒေသ တစ်ခုလုံး စွမ်းအင် သုံးစွဲမှုရဲ့ ၂၃% ကို ပြန်ပြည့်မြဲ စွမ်းအင် ရယူသုံးစွဲရေး၊ စွမ်းအင်ကို အကျိုးရှိ ထိရောက်စွာ အသုံးချရေး အနေဖြင့်လည်း ၂၀၂၀ ခုနှစ်တွင် အာဆီယံဒေသ တစ်ခုလုံးအနေနဲ့ ၂၀၀၅ ခုနှစ် သုံးစွဲမှုထက် ၂၀% အထိ ခြိုးခြံချွေတာ လျှော့ချ သုံးစွဲသွားရေး၊ ဒေသတွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ အနေဖြင့် လက်ရှိတွင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၌ LNG Terminal ၆ ခုအထိ တည်ဆောက်ပြီးစီးနေပြီ ဖြစ်ပြီး ယင်း Terminal များမှ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ တန်ချိန် ၂၂ သန်းကျော် တင်သွင်းလျက်ရှိပြီး၊ လာမည့် ၂၀၂၅ ခုနှစ်အထိ နောက်ထပ် LNG Terminal ၇ ခုကို မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံများတွင် တည်ဆောက်သွားရန် ရည်မှန်း ဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ထို့ပြင်ဒေသတွင်း နိုင်ငံများ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဓာတ်အားလိုင်း ချိတ်ဆက်မှုစီမံကိန်းနှင့် ပတ်သက်ပြီး လတ်တလောတွင် နိုင်ငံ သုံးနိုင်ငံတို့စတင် ချိတ်ဆက်ထားပြီး ဖြစ်ကြောင်းသိရသည်။
၎င်းနှင့်ပတ်သက်၍ မလေးရှားနိုင်ငံ Ministry of Energy, Green Technology and Water (MEGTW)မှ အထွေထွေအတွင်း ရေးမှူး DATUK LOO TOOK GEE က “အာဆီယံနိုင်ငံတွေအနေနဲ့ စွမ်းအင်ရရှိတဲ့အရင်းအမြစ်ကိုခွဲဝေသုံးစွဲဖို့အတွက် လျှပ်စစ်တွေကို တိုးတက်သုံးစွဲ နိုင်ဖို့အတွက် လုပ်ရတာပါ။ ဆွေးနွေးနေတာတွေကတော့အများကြီးပါ ပထမဆုံးအနေနဲ့က လာအို၊ မလေးရှား၊ ထိုင်းသုံးနိုင်ငံနဲ့စမယ်။ လာအိုက ဓာတ်အားကို မလေးရှားကိုရောင်းမယ် ထိုင်းကိုဖြတ်ပြီးရောင်းမယ်” ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။
လာမည့်နှစ်တွင် အဆိုပါ ဓာတ်အာလိုင်း၌ စင်ကာပူနိုင်ငံလည်း ပါဝင် ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
လက်ရှိအချိန်ထိ ဒေသတွင်း ချိတ်ဆက်ထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ အနေဖြင့်လည်း ၃,၆၇၃ ကီလိုမီတာ အထိ ရှိနေပြီဖြစ်ပြီး၊ ဒေသတွင်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်တဲ့ စီမံကိန်းများ အနေနှင့် ၂၀၂၀ ခုနှစ်တွင် စီမံကိန်း ၂၅ ခု ကို အကောင်အထည် ဖော်နိုင်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့ပြသုံး အနုမြူ စွမ်းအင် သုံးစွဲနိုင်ရေးနှင့် ပတ်သတ်၍လည်း အနုမြူ စွမ်းအင်ဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာတွေ၊ အရေးပေါ် အခြေအနေတွင် ဖြစ်လာမည့် ဘေးအန္တရာယ်တွေကို ကြိုတင် ကာကွယ်နိုင်ရေး အတွက် အသိပညာများနှင့် ဒေသတွင်း၌ မြို့ပြသုံး အနုမြူ စွမ်းအင် အသုံး ပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လာနိုင်ရေး အတွက် ပြည်သူလူထု အကြား နားလည်လက်ခံလာ ရန် လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် အာဆီယံ နိုင်ငံများရှိ စွမ်းအင်ဆိုင်ရာ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်မြှင့်တင်ရေး လုပ်ငန်းများကို ဒေသတွင်းနှင့် မိတ်ဘက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အလေးထား ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံမှ ၃၄ ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ များကိုလည်း တင်ပြ ဆွေးနွေးခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အဆိုပါ အစည်းအဝေးများတွင် အတည်ပြုခဲ့သော လုပ်ငန်း အစီအစဉ်များနှင့် ဆွေးနွေး ဆုံးဖြတ်ချက်များအား ၂၀၁၆ ခုနှစ် စက်တင်ဘာလ အတွင်း နေပြည်တော်၌ ကျင်းပမည့် ၃၄ ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင် အတည်ပြု တင်ပြသွားမည် ဖြစ်ပါသည်။
အစည်းအဝေး ကာလအတွင်း အာဆီယံနိုင်ငံမှ စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊ ဆွေးနွေးဘက် နိုင်ငံများနှင့် အရှေ့အာရှ နိုင်ငံများဖြစ်သော ဩစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန် နိုင်ငံတို့မှ စွမ်းအင်ဆိုင်ရာ အရာရှိကြီးများ၊ မိတ်ဘက် အဖွဲ့အစည်းများမှ စွမ်းအင်ဆိုင်ရာ အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ စုစုပေါင်း ၁၈၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.