Connect with us

Business

၃၇ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ် ၂၉၅,၃၆၁ အုပ်ရောင်းချနိုင်ခဲ့ပြီး ထီဆုငွေကျပ်သန်း ၂၀၆၇.၅၂၇ ချီးမြှင့်မည်ဟု ဆို

မော်တော်ဖြင့်ရောင်းချသည့် ထီဆိုင်တွင် ထီထိုးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ၃၇ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ် ၂၉၅,၃၆၁ အုပ်ရောင်းချနိုင်ခဲ့ပြီး ထီဆုငွေကျပ်သန်း ၂၀၆၇.၅၂၇ အား ချီးမြှင့်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ မတ်လ ၁ ရက်နေ့မှာ ဖွင့်ခဲ့တဲ့ ၃၆ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှာ ထီစာအုပ်ပေါင်း၂၅၅,၇၃၅ အုပ်ရောင်းချနိုင်ခဲ့တယ်။ ဆုငွေအနေနဲ့ ကျပ်သန်း ၁၇၉၀.၁၄၅ ကိုချီးမြှင့်နိုင်ခဲ့ပါတယ်။ ဒီလကတော့ ပြီးခဲ့တဲ့လထက် ထီထိုးအားပိုများလာလို့ ချီးမြှင့်တဲ့ဆုငွေလည်း ပိုများလာပါတယ်’’ ဟု ပြောသည်။

ထီလက်မှတ် ရောင်းချရငွေစုစုပေါင်းမှာ ကျပ်သန်း ၂၉၅၃.၆၁၀ ဖြစ်ပြီး ၇၀ရာခိုင်နှုန်း ခွဲဝေချီးမြှင့်မည့်ထီဆုငွေမှာ ကျပ်သန်း ၂၀၆၇.၅၂၇ ဖြစ်ကြောင်း သိရသည်။

အထူးဆုအနေဖြင့် ကျပ်သိန်း ငါးထောင် ၁ ဆု၊ ကျပ်သိန်း တစ်ထောင် ၁ ဆု၊ ဆုတစ်ဆုချင်းစီတွင် ကျပ်သိန်းငါးရာ ၃ ဆု၊ ကျပ်သိန်းနှစ်ရာ ၄ ဆု၊ ကျပ်သိန်းတစ်ရာ ၉ ဆု၊ ကျပ်သိန်းငါးဆယ် ၉ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၁ ဆု၊ကျပ်တစ်ဆယ်သိန်း ၁၁ ဆု၊ ဝေဝေဆာဆာပဒေသဆုများအနေဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၁၀,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ထို့ပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀မှ ကျပ်တစ်ဆယ်သိန်း ၄ဆု၊ ကျပ်သုံးသိန်း ၂၀ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂၀၀၀ ဆု တို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ (Xinhua)