Connect with us

Business

ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်

နေပြည်တော်ရှိ ဆီထွက်သီးနှံ နေကြာစိုက်ခင်းတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

ဆီထွက်သီးနှံမျိုးစေ့ထုတ်လုပ်ခြင်း ၊ အကျိုးတူကန်ထရိုက်လယ်ယာ(Contract Farming) စနစ်ဖြင့် စိုက်ပျိုးခြင်း ၊ စားသုံးဆီအမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ဆောင်ရွက်လိုသူ မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့က အသီးသီး အသိပေးကြေညာထားကြောင်း သိရသည်။

“ကျွန်မတို့က Investment proposal တစ်ခုတင်လာပြီဆိုရင် တစ်ချို့ကိစ္စတွေကြတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆက်စပ်ပြီးတော့ လုပ်ရတာတွေ ရှိတာပေါ့ ။ ဥပမာ မြေ ရှိမယ် ။ စိုက်ပျိုးရေး ရှိမယ် ။ အဲဒါမျိုးတွေဆိုရင် သူတို့အတွက် လိုအပ်မယ့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ပေးရမယ်ဆိုရင် ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ပေးပါမယ် ။ MIC ကကြတော့ ဖိတ်ခေါ်ပြီးတော့ ဒီဥစ္စာတွေဆိုရင် ဦးစားပေးကဏ္ဍအနေနဲ့ ဆောင်ရွက်မှာပါ ။ MIC က ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဖြစ်တဲ့အတွက်ကြောင့် သူတို့က လုပ်ငန်းပိုင်းဆိုင်ရာ စစ်ဆေးပေးတာပေါ့ ။ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရမယ့် ကိစ္စရပ်တွေဆိုရင် ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ကြေညာထားတာပါ။”ဟု ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ဆီထွက်သီးနှံမျိုးစေ့ထုတ်လုပ်ခြင်း ၊ အကျိုးတူကန်ထရိုက်လယ်ယာ(Contract Farming) စနစ်ဖြင့် စိုက်ပျိုးခြင်း ၊ စားသုံးဆီအမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းများကို ဦးစားပေးဖိတ်ခေါ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

အဆိုပါလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လိုသူ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ဝန်ကြီးဌာနများ ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ (Xinhua)