Connect with us

Business

ပြင်ပဒေါ်လာဈေးကွက်တွင် တစ်ဒေါ်လာ ၂,၀၈၀ ကျပ်အထိ ဈေးမြင့်လာ

ငွေလဲစင်တာတစ်ခုတွင် ဝန်ထမ်းတစ်ဦးမှ ဒေါ်လာများစစ်ဆေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
ပြင်ပဒေါ်လာဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၁,၉၃၀ ကျပ်မှ မှ ၂,၀၈၀ ကျပ်အထိ ရက်သတ္တနှစ်ပတ်အတွင်း မြင့်တက်လာ ခဲ့ကြောင်း Your Gold Trade Forex Market သင်တန်းကျောင်းမှ တာဝန်ရှိသူ ဦးကြည်စိုးဦးက ဆင်ဟွာသို့ ယနေ့ မတ် ၁၀ ရက်တွင်ပြောသည်။

“ပြီးခဲ့တဲ့ အပတ် က အမေရိကန်တစ်ဒေါ်လာကို ၁,၉၈၀ ကျပ်လောက်အထိတက်ခဲ့ပြီး အခု ဒီတစ်ပတ်မှာ တော့ တစ်ဒေါ်လာကို ၂,၀၈၀ကျပ် လောက်အထိ တက်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေပေါ်မူတည်ပြီး ဒေါ်လာ နဲ့ ကျပ်ငွေ အပြောင်းအလဲ ဖြစ်ပေါ်တာပါ။ ဗဟိုဘဏ်က မတ်လ ထဲမှာ အမေရိကန်ဒေါ်လာ ၁၅ သန်း ထုတ်ရောင်းပြီးပေမယ့် ဒေါ်လာဈေးက ကျမသွားသေးပါဘူး’’ ဟု ဦးကြည်စိုးဦးက ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်ဒေါ်လာဈေးနှုန်းနှင့် ပတ်သက်၍ မတ် ၉ ရက် နေ့လယ် ၂:၀၀ နာရီတွင် မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများ၊ ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်များ၊ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်များ နှင့် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် က ယခုအပတ်တွင် ဒေါ်လာဈေး ရုတ်ချည်းဈေးတက်လာသည်ကို တွေ့ရပါကြောင်း၊ ပို့ကုန်တင်ပို့သူများက ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းသဘောမျိုး သက်ရောက်နေပါကြောင်း၊ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှု ရရှိစေ ရေးအတွက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်ပေါ်မူတည်ကာ ဈေးနှုန်းမြင့်တက်လာခြင်းမဖြစ်စေရေး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး ဒေါ်လာဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေသော ကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက်သွားရန် ရှိကြောင်း၊ ပုဂ္ဂလိကဘဏ်များနှင့် လုပ်ငန်းရှင်များ အနေဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက “လတ်တလောဒေါ်လာဈေးနှုန်းက ခန့်မှန်းရခက်နေတယ်။ ရုရှားနဲ့ ယူကရိန်း အရေးကိစ္စကြောင့် ပြည်တွင်းမှာလည်း ဒေါ်လာဈေးတက်လာတယ်လို့မြင်ပါတယ်။ ဒေါ်လာဈေးတက်တဲ့အခါ imports လုပ်တဲ့ပစ္စည်းတွေတက်လာတဲ့သဘောရှိတယ်။ ဗဟိုဘဏ်က မနေ့ကတော့ အစည်းအဝေးလုပ်နေတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအားမျှဖို့ အတွက် အိတ်စပို့များများ ပို့နိုင်အောင်ကြိုးစားရမှာပါ’’ ဟု ဆင်ဟွာသို့ ယနေ့ မတ် ၁၀ ရက်တွင်ပြောကြားသည်။

ယနေ့ မတ် ၁၀ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ တစ်ဒေါ်လာလျင် မြန်မာကျပ်ငွေ ၁,၇၇၈ ကျပ် ဖြင့် ဈေးဖွင့်ခဲ့ပြီး ပြင်ပတွင် တစ်ဒေါ်လာလျှင် ၂,၀၈၀ ကျပ်ပေါက်ဈေး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)