Connect with us

Local

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ပြည်တွင်း ၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် ဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့

ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှု ဖိုရမ် ကျင်းပနေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-DICA)

ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှု ဖိုရမ်အား လွိုင်ကော်မြို့ ၊ ပြည်နယ် ခန်းမ၌ မေ ၂၆ ရက်တွင် ကျင်းပရာ ပြည်တွင်း ၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ ၊ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်၍ မြှင့်တင် ဆောင်ရွက်နိုင်ရန်၊ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအား အလားအလာ ရှိသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှု ဖိုရမ်အား ကျင်းပ ရခြင်း ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ်တွင် International Trade Center ဖြစ်ပေါ်လာစေရေး ကြိုးပမ်း ဖော်ဆောင်လျက်ရှိကြောင်း ၊ ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်း ၊ လျှပ်စစ်မီး အလုံ အလောက်ရရှိနိုင်ခြင်း၊ ရေလုံလောက်စွာ ရရှိနိုင်သဖြင့် ရင်းနှီး မြှုပ်နှံမည့် သူများအတွက် အဆင်ပြေ ချောမွေ့နိုင်စေမည်ဖြစ်ကြောင်းနှင့် ဟိုတယ်/ခရီးကဏ္ဍ၊ စိုက်ပျိုး၊ မွေးမြူရေး ကဏ္ဍ၊ သတ္တုကဏ္ဍများ ဖော်ဆောင်နိုင်ရန် အားသာချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်နယ်အတွင်း သတ္တု၊ သစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်၊ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှိပါကြောင်း၊ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ကုန်သွယ်စီးပွား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်လိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှု ဖိုရမ်တွင် ကယားပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ရှင်းလင်းတင်ပြခဲ့ပြီး စိုက်ပျိုး ရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍစသည့်ကဏ္ဍများအလိုက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများမှ ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ လုပ်ငန်းရှင်တွေ့ဆုံပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ကယားပြည်နယ်ရှိ လုပ်ငန်းရှင်များနှင့် ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားသည့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ပါဝင်တက်ရောက်နေသူများသည် မေ ၂၇ ရက်တွင် လွိုင်ကော်စက်မှုဇုန်၊ လောပိတ ရေအားလျှပ်စစ်စက်ရုံနှင့် ငွေတောင်ဆည် စသည့်နေရာများအပါအဝင် ရင်းနှီးမြှုပ်နှံမှု အလား အလာ ရှိသောနေရာများသို့ သွားရောက် လေ့လာကြမည်ဖြစ်ပြီး မေ ၂၈ ရက်နေ့တွင် လွိုင်ကော်မြို့ ပတ်ဝန်းကျင် ဒေသများနှင့် မော်ချီး သတ္ထုတွင်းသို့ လေ့လာ ကြည့်ရှု ကြမည် ဖြစ်ကြောင်း သိရသည်။

ဖိုရမ်အား ကယားပြည်နယ် အစိုးရအဖွဲ့ နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ စီစဉ်မှု၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.