Connect with us

Local

ချင်းပြည်နယ် တီးတိန်မြို့နယ် ပိန်းပိကျေးရွာနှင့် မင်းတပ်မြို့နယ် ဘောင်ကျေးရွာနှစ်ရွာတို့၌ လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်နိုင်ရန် ပြင်ဆင်လျက်ရှိ

ချင်းပြည်နယ်တွင် ပါးရဲထိုးထားသည့် အမျိုးသမီးကြီးတစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ--ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ချင်းပြည်နယ် တီးတိန်မြို့နယ် ပိန်းပိကျေးရွာနှင့် မင်းတပ်မြို့နယ် ဘောင်ကျေးရွာနှစ်ရွာတို့၌ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)ကို COVID-19 ကာလအလွန်တွင် လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း ချင်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုးကဆင်ဟွာသို့ ဇန်နဝါရီ ၅ ရက်တွင် ပြောသည်။

“ဒီရွာတွေကိုရွေးချယ်ရတာက ခရီးသွားလမ်းကြောင်းပေါ်မှာရှိတယ်။ဒေသခံတွေရဲ့ စိတ်ပါဝင်စားမှုနဲ့ ပူးပေါင်းပါဝင်မှုပေါ်အခြေခံပြီးရွေးချယ်ဖြစ်တာပါ။ ပိန်းပိဆိုတာ ခိုင်ကမ်းဆင်စခန်းနဲ့ တီးတိန်မြို့ရဲ့ အလှအပတွေခံစားပြီး ကနေတီတောင်ကို တက်လို့ရတယ်။ ကလေးမြို့ကလာရင်လည်းနီးတယ်။ ရိုးရာယဉ်ကျေးမှုတွေ လည်း လေ့လာလို့ရတယ်။ဘောင်ကျေးရွာဆိုလည်းလေ့လာစရာတွေ အများကြီးရှိတယ်။ ဒါကြောင့် ဒီရွာနှစ်ရွာကိုရွေးချယ်ဖြစ်တာပါ’’ ဟု ၎င်းကဆိုသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့အားတွေ့ရစဉ်  (ဓာတ်ပုံ–ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန) 

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ ရှေးဟောင်းယဉ်ကျေးမှု ရိုးရာပြခန်းအားတွေ့ရစဉ် (ဓာတ်ပုံ–ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန) 

ပိန်းပိကျေးရွာသည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၅၄ ပေတွင်တည်ရှိပြီး ဒေသခံများ၏ ရိုးရာဓလေ့များ၊ ရိုးရာသီချင်း များဖြင့် ခရီးသွားဧည့်သည်များအကြား ရေပန်းစားသော နေရာတစ်ခုဖြစ်ကာ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့မှ ခိုင်ကမ်း-ပိန်းပိ ကျေးရွာလမ်းကြောင်းအ တိုင်း သွားရောက်နိုင်ကြောင်း၊ အဆိုပါ ကျေးရွာ သည် ချင်းပြည်နယ်တွင် ဒုတိယအမြင့်ဆုံးတောင် ဖြစ်သည့် ကနေဒီတောင်၏ တောင်ခြေတွင် ရှိသောကြောင့် ကျောက်ဂူများနှင့် ကနေဒီတောင်မှ အဆင်းတွင် ရှာလ်လုမ်း ခံတပ်ကိုလည်း ဝင်ရောက် လေ့လာ နိုင်မည်ဖြစ် ကြောင်း သိရသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့အားတွေ့ရစဉ် (ဓာတ်ပုံ–ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)

ချင်းပြည်နယ် ရှိ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သည့် ကနေဒီတောင်အားတွေ့ရစဉ် (ဓာတ်ပုံ–ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)

 တီးတိန်မြို့ရှိ  ရှာလ်လုမ်ခံတပ် အားတွေ့ရစဉ် (ဓာတ်ပုံ–ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန) 

“ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့က လက်ရှိမှာ CBT ကော်မတီ လေးတွေဖွဲ့စည်းတယ်။ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာဖြန့်ဖြူးရေးလုပ်ငန်းတွေ လုပ်ပေးတယ်။ ဒီခရီးစဉ်တွေက ဒေသဖွံ့ဖြိုးရေးကိုလည်း ဦးတည်တယ်။ အဲဒီမှာ ကျွန်တော်တို့က CBT ကော်မတီလေးတွေဖွဲ့စည်းပြီး သင်တန်းတွေပေးတယ်။ ကျေးရွာရဲ့ ပြကွက်တွေ ကို ဖော်ထုတ်ပေးနိုင်ခဲ့တယ်။ အခြေခံအဆောက်အအုံနဲ့ နည်းပညာ နှစ်ပိုင်းကို အစိုးရကဖြည့်ဆည်းပေးရမှာဖြစ်တယ်။ နောက်ထပ် အစားအသောက်ပြင်ဆင်ဧည့်ခန်ခြင်း၊ ကျေးရွာအတွင်းလှည့်လည် ပြသခြင်း သင်တန်းတွေကို ၂၀၂၁ ခုနှစ် မှာ ဆက်သင်မယ်။COVID-19 အလွန်ကာလအတွက် ကြိုတင်ပြင်ဆင်တာပါ။ ခရီးသွားခွင့်တွေပြုတာနဲ့ ခရီးသွားတွေလာနိုင်ကြောင်းကြေညာမယ်။ Tour တွေ စတင်ဖိတ်ကြားမှာဖြစ်တယ်။’’ ဟု ဦးအောင်ဖြိုးက ရှင်းပြသည်။

ဘောင်ကျေးရွာသည် မင်းတပ်မြို့မှ ၂၅ မိုင်ခန့် အကွာတွင်တည်ရှိပြီး မော်တော်ယာဉ်ဖြင့် တစ်နာရီခန့် သွား လာရသည့် ခရီးစဉ်ဖြစ်ကြောင်း၊ ဘောင်ကျေးရွာရှိဒေသခံများသည် အသုံးအဆောင်များကို ဝါးဖြင့် ပြုလုပ် အသုံးပြုကြပြီး ချိုးလူမျိုးတို့၏ ရိုးရာ ဝါးဂီတ၊ သစ်သားပတ္တလားတီးခတ်မှုများ ကိုလည်းလေ့လာနိုင်သည့်အပြင် ကြက်ဥ ဗေဒင် တွက်ချက်နည်း၊ ရိုးရာဂျပ်ခုတ် လုပ်ငန်းများ၊ ရိုးရာပါးရဲ ထိုးခြင်းများကို လေ့လာနိုင်ကြောင်း၊ အဆိုပါ ကျေးရွာအခြေ ပြုခရီးစဉ်ဒေသတွင် ဒေသခံများ နှင့်အတူ ရိုးရာအကကို ဝိုင်းဖွဲ့ကာ ပါဝင်ဆင်နွှဲနိုင် ကြောင်း သိရသည်။လက်ရှိတွင် ယင်းကျေးရွာနှစ်ရွာသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကြောင်း၊ ခရီးသွားများတည်းခိုရန်မှာမူ ဒေသခံများ၏ နေအိမ်များတွင် တည်းခိုနိုင်ကြောင်းသိရသည်။ (Xinhua)