Local
စီးပွားရေးအောင်မြင်ခြင်းဖြင့် ကိုယ့်နိုင်ငံ လုံခြုံမှု ရအောင် ဆောင်ရွက်ကြရန် တိုက်တွန်း
နေပြည်တော်၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)
လူငယ်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ စီးပွားရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်း ဖြင့် မိမိတို့နိုင်ငံ လုံခြုံမှု ရရန် ဆောင်ရွက်ကြဖို့ တိုက်တွန်းပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့ နံနက် ပြောကြားခဲ့သည်။
“ကျွန်မတို့ လူငယ်လုပ်ငန်းရှင်တွေဟာ ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းတွေ အောင်မြင်ခြင်းအားဖြင့် ကိုယ့်နိုင်ငံ လုံခြုံမှု ရအောင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်၊ စီးပွားရေး အောင်မြင်ဖို့ ဆိုတာ အစိုးရရဲ့ မူဝါဒတွေနဲ့လည်း သက်ဆိုင်တယ်၊ ထိုနည်းလည်းကောင်းပဲ အစိုးရတစ်ရပ်ရဲ့ အောင်မြင်မှုကလည်း စီးပွားရေး လုပ်ငန်းတွေနဲ့ သက်ဆိုင်တယ်။ ဒီတော့ ကျွန်မတို့ အတူတူ ပူးတွဲပြီးတော့ လုပ်ကြစို့၊ ဒီလိုပူးတွဲပြီး လုပ်တယ်ဆိုတာ နိုင်ငံ့တိုးတက်ရေးအတွက်၊ နိုင်ငံသူ နိုင်ငံသားများရဲ့ လုံခြုံရေး၊ စိတ်ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့ ပြုလုပ်သော တတိယ အကြိမ်မြောက် မြန်မာစွန့် ဦးတီထွင်သူများ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရောက်ရှိလာစဉ် (ဆင်ဟွာ)
တတိယ အကြိမ်မြောက် မြန်မာစွန့်ဦးတီထွင်သူများ အစည်းအဝေး စတင်ဖွင့်လှစ်စဉ် (ဆင်ဟွာ)
Project K လူငယ်အဖွဲ့က မော်ဒန်နှင့် မြန်မာအကတို့ ပေါင်းစပ်ဖြေဖျော်ကြစဉ် (ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)
လူငယ်စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အခုခေတ်အတွက်လည်း မဟုတ်၊ မိမိ အတွက်လည်း မဟုတ်ဘဲ နောင်လာနောက်သားများ အတွက် စီးပွားရေးလမ်းကြီး ဖြောင့်ဖြူးသွားအောင်၊ နိုင်ငံ၏ လုံခြုံရေး တောင့်တင်းခိုင်မာအောင်၊ နိုင်ငံသူ နိုင်ငံသားများ၏ စိတ်ဓာတ် မြင့်မားလာအောင် ကြိုးစားပြီး စီးပွားရေးဘက်မှ လုပ်ဆောင် ပေးကြစေလိုပါကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် လူငယ်စီးပွားရေး လုပ်ငန်းရှင် ၁၈၀၀ ကျော်ခန့်တက်ရောက်ခဲ့ကြပြီး အခမ်းအနားအစပိုင်းတွင် မြန်မာအက နှင့် မော်ဒန်အက ပေါင်းစပ်ဖြေဖျော်ခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းတွင် မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး စကားဝိုင်း ဆွေးနွေးပွဲများကို ဆက်လက် ဆောင်ရွက် ခဲ့ကြကြောင်း၊ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံမှ ဆုရရှိခဲ့သော လူငယ်လုပ်ငန်းရှင်များအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း၊ ဂုဏ်ပြုညစာစားပွဲ တည်ခင်းဧည့်ခံခြင်းတို့ကို ညပိုင်းတွင်ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)