Connect with us

Local

ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှ စားအုန်းဆီတန်ချိန် ၃၉,၁၀၀ ခန့်အထိ ပိုမိုတင်သွင်းခဲ့ကြောင်းဆို

စားသုံးဆီ တစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

COVID-19 ကာလအတွင်း  ပြည်တွင်းလိုအပ်ချက်ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ကထက်   ပြည်ပမှ စားအုန်းဆီတန်ချိန် ၃၉,၁၀၀ ခန့်အထိ ပိုမိုတင်သွင်းခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းက ဆင်ဟွာသို့ စက်တင်ဘာ ၁၉ ရက် တွင်ပြောသည်။

ပြည်ပမှ စားအုန်းဆီတန်ချိန် တင်သွင်းမှုမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ရက် မှ ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၁၀ ရက် အထိ တန်ချိန် ၈၂၇,၆၀၀ ရှိခဲ့ကြောင်း၊ ပြီးခဲ့သည့်ကာလတူကာလ ၁၁ လကျော် တွင် တန်ချိန် ၇၈၈,၅၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ်က  အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကျော်တင်သွင်းခဲ့တယ်။ ဒီနှစ်ကတော့ အမေရိကန်ဒေါ်လာ ၅၄၈ သန်း သွင်းခဲ့တာဆိုတော့ မနှစ်ကထက် ပိုများတယ်။  COVID-19 ဖြစ်ပွားမှု ရှိပေမယ့် ပြည်တွင်းစားသုံးမှု လိုအပ်ချက်အရ ဒီနှစ်က ပိုတင်သွင်းဖြစ်တာပါ’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

COVID-19 ကာလအတွင်း စားအုန်းဆီ ပိုမိုတင်သွင်းခဲ့သည့်အပြင် ပြည်တွင်း ၌ ဖြစ်ပေါ်လာနိုင်သည့်  အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်ရန် အရန်ဆီသိုလှောင်မှုများတွင်လည်း စားအုန်းဆီ ကို အရန်ဆီအဖြစ်လည်း သိုလှောင်ထားကြောင်း၊ယင်းမှာ စားအုန်းဆီ တင်သွင်းမှု ပိုများရခြင်း ၏ အချက် တစ်ချက်ဖြစ်ကြောင်းသိရသည်။  (Xinhua)