Connect with us

Local

လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့မှု ၁၁ လကျော်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံကျော် ရရှိ

ရန်ကုန် ဆိပ်ကမ်း ၌ ဆန်အိတ်များသယ်ဆောင်နေသောအလုပ်သမားများအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့မှုသည် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လကျော်အတွင်းအမေရိကန်ဒေါ်လာ ၃ ဒသမ ၆၁ ဘီလီယံကျော် ရရှိခဲ့ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောအချက်အလက်များအရသိရသည်။

ယခုဘဏ္ဍာနှစ် လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့မှုသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါကအမေရိကန် ဒေါ်လာသန်း ၅၀၀ တိုးလာခဲ့ပြီးယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၁ ဘီလီယံကျော် ရရှိခဲ့ကြောင်းသိရသည်။

 “လယ်ယာထွက်ကုန်ကတော့ ကျွန်တော်တို့ကအပင်ပိုးမွှားကာကွယ်ရေးနဲ့ ပတ်သက်ပြီးအရည်အသွေးမြှင့်ဖို့ လိုတာပေါ့နော်။ အဲဒါတွေလုပ်ဖို့အတွက် ဆိုရင် မျိုးကောင်းမျိုးသန့် စတဲ့ ဒါမျိုးတွေစပြီးလုပ်ဖို့လိုတယ်။ နောက်ကြတော့ တင်ပို့မယ့် နိုင်ငံရဲ့ စည်းမျဉ်း(regulations)တွေ ၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် လုပ်ထားဖို့ လိုတာပေါ့ ။ အဲဒါဆိုရင်တော့ ဘယ်ကမ္ဘာ့ဈေးကွက်ကိုပဲသွားသွားအဆင်ပြေတာပေါ့။

ကျွန်တော်တို့ဆီကလည်းအမျိုးသားပို့ကုန်မဟာဗျူဟာ National Exports Strategy တွေရေးဆွဲထားတာရှိပါတယ်။ အဲဒီအထဲမှာလည်းလယ်ယာထွက်ကုန်ပစ္စည်းတွေလည်းပါဝင်ပါတယ်။”ဟုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းကပြောကြားခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စက်တင်ဘာ ၁၁ ရက်အထိပို့ကုန် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇ ဘီလီယံကျော် ရရှိခဲ့ကြောင်းသိရသည်။
ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုးနှင့်ပြောင်းတို့သည် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကတင်ပို့သည့် ပစ္စည်းများဖြစ်ပြီး သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ၊ နှမ်း၊ လက်ဖက်ခြောက်ခြောက်၊ သကြားနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များကိုလည်း အခြားနိုင်ငံများသို့ တင်ပို့ကြောင်းသိရသည်။ မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများအားတရုတ် ၊ စင်ကာပူ ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံများသို့ တင်ပို့ လျက်ရှိကြောင်းသိရသည်။ (Xinhua)