Connect with us

Local

မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သုံးသန်းကျော်အထိ တိုးတက်လာ

မြန်မာ - ဂျပန် ပူးတွဲလုပ်ကိုင်သော သီလဝါ စက်မှုဇုံ လုပ်ငန်း စတင်အကောင်အထည်ဖော်ပွဲတွင် ဆောက်လုပ်ရေး ဝန်ထမ်းများမှ သရုပ်ပြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမှုများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် (၅၅.၇၁၁) သန်း အထိ တိုးမြှင့်ခွင့်ပြုပေးခဲ့ခြင်းကြောင့် လက်ရှိ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၏ ပထမ ၁၀ လပိုင်း (ဇန်နဝါရီလကုန်) အထိ ဂျပန်နိုင်ငံ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၃၈၇.၄၂၃) သန်း အထိတိုးတက်လာပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ တရားဝင် သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုကို ၁၉၈၈-၈၉ ခုနှစ်မှ ၂၀ဝဝ-၂၀ဝ၁ ခုနှစ်အတွင်း USD (၂၀၈.၉၂၁)သန်း ခွင့်ပြုခဲ့ကြောင်း သိရပါသည်။ အစိုးရသစ် လက်ထက်ဖြစ်သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၇.၁၄) သန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် (၄.၃၁၈) သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် (၅၁.ဝ၆၃) သန်း ခွင့်ပြုပေးခဲ့ပြီး၊ ဂျပန်နိုင်ငံ က မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍများတွင် အများဆုံး ရင်းနှီးမြှုပ်နှံထား ကြောင်း သိရသည်။

ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးလိုက်သည့် မြန်မာနိုင်ငံအပေါ်တွင် ပြည်ပ နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှု ယခင်ထက် မြင့်မားလာပြီး ၎င်းနိုင်ငံများထဲတွင် ဂျပန်နိုင်ငံလည်း ပါဝင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အကောင်အထည် ဖော်နေသည့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ထားဝယ် ရေနက်ဆိပ်ကမ်းများ ပြီးစီးသွားပါက ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ပိုမိုတိုးတက် လာရန် ရှိသည်ဟု သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေးသည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် နှစ်ပေါင်း (၆၀) ပြည့်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးပြီး ချိန်မှစ၍ ၂၀၁၅ ခုနှစ် ဇန်နဝါရီလကုန် အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅၃ ဘီလီယံရှိပြီး လက်ရှိတွင် တရုတ် နိုင်ငံနှင့် ဟောင်ကောင် ဒေသသည် မြန်မာနိုင်ငံတွင် လက်ရှိ အချိန် အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ကြောင်း မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ထံမှ သိရသည်။ (Xinhua)