Connect with us

Local

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၁၄ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု

ရန်ကုန်မြို့လယ်မြင်ကွင်းအား ညဘက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၁၄ ခု ကို ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယင်းအစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ ဆောင်ရွက်မည့် ၄၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ၄ ခုနှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Scoular Myanmar Co., Ltd. က ဆောင်ရွက်မည့် တန်ဖိုးမြှင့်ထုတ်လုပ်ထားသော ငါးစာ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ၁ ခု အပါအဝင် ဝက်မွေးမြူရေးလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အိမ်ရာ အဆောက်အအုံကဏ္ဍ နှင့် အခြားဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းသစ် ၁၄ ခုကို ခွင့်ပြုခဲ့ကြောင်း ၊ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၉၅.၂၇၉ သန်းနှင့် ကျပ် ၁၅၃.၆၈၆ ဘီလီယံ ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၃၇၁ နေရာကို ဖန်တီး ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်နှင့်အညီ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုခွင့်ပြုပေးသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများသည် ၂၀၃၀ ပြည့်နှစ် တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး ဦးတည်ချက်အား အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ၊ ခွင့်ပြုပေးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်) လုပ်ငန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည့် Climate Ambition Summit ၌ ပြောကြားခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင် ပါရှိသည့် လမ်းညွှန်ချက်အရ လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဉတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (National Determined Contribution-NDC) ကို ဆောင်ရွက်သွားမည့် ရည်မှန်းချက်အရလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသ ပေါင်း ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆.၁၃ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၅.၉၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄.၅၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117