Connect with us

Local

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရင်းနှီးမြုပ်နှံထားသော လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ အစစ်ဆေးခံလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကျင်းပစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရင်းနှီးမြုပ်နှံထားသော လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှတစ်ဆင့် ဥပဒေအတိုင်းတာဝန်ယူ ဆောင်ရွက်လျက်ရှိသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကလည်း ယင်းဥပဒေအရ အစစ်အဆေးခံလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို ယနေ့၊မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ရာ ပြည်သူ့ငွေစာရင်းကော်မတီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရင်းနှီးမြုပ်နှံထားသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေကို သိရှိနိုင်ရန် အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရန် အစီအစဉ်ရှိ၊ မရှိကို မေးမြန်းသော မေးခွန်းအား ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်စာရင်းစစ်ချုပ်ရဲ့တာဝန်အရ သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ရဲ့ အရအသုံးစာရင်းများနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုတွေကို စစ်ဆေးခြင်းနဲ့ စပ်လျဉ်းပြီး တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် တင်ပြခြင်း၊ ထူးခြားတဲ့အခြေအနေတွေကို တင်ပြခြင်းနဲ့ ၎င်းတို့ရဲ့ဆောင်ရွက်ချက်တွေနဲ့ စစ်ဆေးတွေ့ရှိချက်တွေကို တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်ထံ အစီရင်ခံတင်ပြရပါတယ်။ တင်ပြလာသည်နှင့်တစ်ပြိုင်တည်း တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်သို့လည်း အစီရင်ခံတင်ပြခြင်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးကနေပြီးတော့ ဥပဒေအတိုင်း တာဝန်ယူဆောင်ရွက်လျှက် ရှိသလိုပဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကလည်း ဒီဥပဒေအရ အစစ်အဆေးခံလျှက်ရှိပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။”ဟု ဝန်ကြီးက ဖြေကြားသည်။

၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥပဒေအမှတ် (၂၃/၂၀၁၀) ဖြင့် ပြဌာန်းခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ(ခ)ကို မူလဥပဒေအတိုင်းမပြောင်းလဲဘဲ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ၂၀၁၈ ပြည်ထောင်စုလွှတ်တော်ဥပဒေပုဒ်မ၊ ဥပဒေအမှတ် ၂ တွင် ပြဌာန်းခဲ့သော ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၁၈၊ ပုဒ်မ ၅ အရ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၂၅ တွင် ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ)တို့ကို အစားထိုး သတ်မှတ်လိုက်ကြောင်း သိရသည်။

“ပုဒ်မ(က)အရဆိုရင် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ရဲ့အရအသုံးစာရင်းများနှင့် လုပ်ငန်းအကောင်အထည်ဖော်မှုကို စစ်ဆေးခြင်းနှင့် စပ်လျဉ်းပြီး တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် တင်ပြခြင်းနှင့် ထူးခြားသောအခြေအနေတွင် အခါအားလျော်စွာ တင်ပြခြင်းဆိုပြီး ပုဒ်မခွဲ(က)မှာ ဖော်ပြထားပါတယ်။ ပုဒ်မခွဲ(ဃ)မှာတော့ မိမိဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်ထံ အစီရင်ခံတင်ပြသည်နှင့် တစ်ပြိုင်တည်း တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်းဆိုပြီး ဥပဒေအရသတ်မှတ်ဖော်ပြထားပါတယ်။’’ဟု ဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.