Local
WannaCry Ransomware နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ သတိပေး အကြံပြုချက် ထုတ်ပြန်
ရန်ကုန် ၊ မေ ၁၆ ရက်(ဆင်ဟွာ)
WannaCry Ransomware နှင့် ပတ်သက်၍ သတိပေး အကြံပြုချက်အား မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ ထုတ်ပြန်ခဲ့ပြီး ကွန်ပျူတာ သုံးစွဲသူများ အမြဲလိုက်နာသင့်သည့် အချက်များအား အကြံပြုချက်များ ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ဆီမှာတော့ လိုင်စင် ဗားရှင်း (License Version) သုံးတဲ့ အလေ့အထကတော့ နည်းသေးတယ်။ ဝင်းဒိုးတွေက လိုင်စင် မဟုတ်တော့ update က ချက်ချင်း မရဘူး။ License Version မသုံးလို့ရှိရင် အင်တာနက် နဲ့ချိတ်ပြီး ဒေါင်းလုပ် ဆွဲလို့မရတော့ လိုင်စင် မသုံးတဲ့ ကွန်ပြူတာတွေမှာ ပိုပြီး ထိနိုင်တယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ အခုက အင်တာနက်က အားလုံး ချိတ်ထားတော့ ထိခိုက်နိုင်ခြေတော့ ရှိပါတယ်။ အခုတော့ ရှိတယ် ၊ ဖြစ်တယ် ဆိုတာတော့ မကြားမိသေးဘူး။ရှိနိုင်တယ် ဆိုတဲ့ သဘောပေါ့။အရင် ကာလတွေ ထက်တော့ အများကြီး ဖြစ်လာနိုင်ပါတယ်။ခုက အင်တာနက်တွေက ပိုပြီး သုံးနေတော့ ကျွန်တော်တို့ကတော့ ကာကွယ်ခြင်းနဲ့ကုသခြင်းမှာ မဖြစ်ခင်မှာတော့ အရင်ဆုံး ကာကွယ် ရတာပါ။ကျွန်တော်တို့အနေနဲ့က မဖြစ်ခင် ကာကွယ်တဲ့ သဘောပါ။ကြိုပြီး ကာကွယ်ထားတတ်အောင် ထုတ်ပြန်ပေးတာပါ။”ဟု မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်များ အသင်းမှ ပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝေလင်းထွန်းက ယနေ့မေ ၁၆ ရက်တွင် ပြောသည်။
Microsoft Windows OS များဖြစ်သည့် Windows XP မှစ၍ Windows 10 အထိ SMB Service များ run ထားသည့် files and folders sharing များ အတွက် အဓိကထား တိုက်ခိုက်မှု ဖြစ်ကြောင်း ၊ WannaCry သည် အခြား ကွန်ပျူတာများထံသို့ ကွန်ရက်အတွင်းမှ ဖြစ်စေ၊ email attachment များမှ ဖြစ်စေ ပျံ့နှံ့နိုင်ကြောင်း သိရသည်။
ကွန်ပျူတာ သုံးစွဲသူများ အနေဖြင့် လုံခြုံရေးဆိုင်ရာ Security Patch များနှင့် ကွန်ပျူတာ OS များကို အစဉ်အမြဲ update ပြုလုပ်ခြင်း ၊ မိမိတို့ ကွန်ပျူတာ ဖိုင်များကို အခြား လုံခြုံစိတ်ချရသော တစ် နေရာတွင် အရန်အဖြစ် သိမ်းဆည်းခြင်း ၊ မိမိတို့ AV ဆော့ဖ်ဝဲများကို အမြဲ update လုပ်နေခြင်း ၊ မည်သူမှန်း မသိပါက သို့မဟုတ် သိကျွမ်းသူ ဖြစ်သော်လည်း ပုံမှန် မဟုတ်သည့် ဖိုင်များ ပေးပို့လာပါက နှိပ်ဖွင့် ခြင်းမှ ရှောင်ကြဉ်ခြင်း တို့ကို အမြဲလိုက်နာသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
WannaCry သို့မဟုတ် WannaCrypt အမည်ရ ransomware တစ်ခု သည် ယခုအခါ တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့လျက် ရှိကြောင်း ၊ WannaCry သည် ဖောက်ထွင်းခံရသော Windows သုံး ကွန်ပျူတာများထဲမှ ဖိုင်များကို သာမန် ကြည့်ရှု သုံးစွဲခွင့် မပြု နိုင်တော့ရန် encrypt လုပ်ကာ သိမ်းဆည်းလိုက်ပြီး ဖိုင်များကို ပြန်ရလိုပါက သတ်မှတ်ထားသည့် လိပ်စာတစ်ခုသို့ bitcoin များသုံးပြီး ငွေပေးသွင်း၍ ပြန်လည် ရွေးယူရမည်ဟု အကျပ်ကိုင် တောင်းဆိုသည့် စာကို တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)