Local
မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း ကမ္ဘာ့ဘဏ် မူလ မျှော်မှန်းထားသည်ထက် လျော့ကျနေ
ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၁၆-၂၀၁၇ ခုနှစ် အတွက် ၇.၈ ရာခိုင်နှုန်း မြင့်တက်မည်ဟု ကမ္ဘာ့ဘဏ်မှ မူလက မျှော်မှန်းထားသော်လည်း ယခုနှစ်တွင် ၆.၅ ရာခိုင်နှုန်း သာ ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံး ထုတ်ပြန်ခဲ့သော မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ အရ သိရသည်။
ပြီးခဲ့သည့် နှစ်လယ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ၇.၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်း ထားသော်လည်း ၂၀၁၆ နှစ်ကုန် အထိ စောင့်ကြည့်မှု အရ ၆.၅ ရာခိုင်နှုန်းခန့်သာ တိုးတက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့စီးပွားရေး တိုးတက်မှုနှုန်း လျော့ကျရခြင်းသည် မြန်မာနိုင်ငံ၏ အဓိက စိုက်ပျိုးရေး ကဏ္ဍ ကျဆင်းခြင်း ကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ယနေ့ဇန်နဝါရီ ၃၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၇.၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၆.၅ ရာခိုင်နှုန်းသို့ အားပျော့ခဲ့သည်ဟု ကမ္ဘာ့ဘဏ်မှ ခန့်မှန်းပြောဆိုခဲ့သည်။
လာမည့် သုံးနှစ် အတွင်း စီးပွားရေး တိုးတက်မှုနှုန်းသည် တစ်နှစ်လျှင် ပျမ်းမျှ ၇.၁ ရာခိုင်နှုန်းခန့် ရှိမည်ဟု မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာတွင် ခန့်မှန်းထားကြောင်း သိရသည်။
ငွေကြေး ဖောင်းပွမှုကြောင့် ဖြစ်ပေါ်သည့် ဖိအားများ လျော့ကျသွားဖွယ် ရှိပြီး လူသုံးကုန် ပစ္စည်း ထုတ်လုပ်ရေး ၊ ခရီးသွား လုပ်ငန်း အစရှိသည့် အခြေခံ အဆောက်အဦပိုင်း ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ၊ အကြီးစား ကုန်စည် မဟုတ်သည့် ထုတ်လုပ်ရေး ကဏ္ဍများတွင် အစိုးရ နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုများ မြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်လိုက်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ အရ သိရသည်။
စီးပွားရေး တိုးတက်မှုနှုန်း အရ ရှေ့အလားအလာမှာ အကောင်းဘက် ဦးတည်နေသော်လည်း ထိုနှုန်းကို တည်ငြိမ်အောင် ထိန်းထားနိုင်ရန် မြန်မာနိုင်ငံ အနေဖြင့် မေခရို စီးပွားရေး ဆိုင်ရာ အန္တရာယ်များစွာကို ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ဘဏ်မှ နောက်ဆုံး ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မေခရို စီးပွားရေး ဆိုင်ရာ အန္တရာယ်များ အနက် ထုတ်လုပ်မှုနှုန်း နိမ့်ပါးခြင်း ၊ ယှဉ်ပြိုင်စွမ်းအား မြှင့်မားသည့် ကမ္ဘာ့ဈေးကွက်နှင့် ယှဉ်ပြိုင်ရခြင်း ၊ ထုတ်လုပ်နိုင်သည့် ကုန်စည် အမျိုးအစား အမယ် မစုံလင်ခြင်း ၊ သဘာ၀ ဘေးအန္တရာယ်များ ကျရောက် လွယ်ခြင်း နှင့် ပြည်ပမှ ဝယ်ယူ တင်သွင်း ရသည့် ကုန်စည် ဈေးနှုန်းများ မြှင့်တက်နိုင်ခြင်း စသည်တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးလျက် ရှိရာ မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ၎င်း၏ စီးပွားရေး မူဝါဒများကို အများပြည်သူ ယုံကြည်မှု ရရှိနိုင်ရန် ရှင်းလင်း လွယ်ကူစွာ အသိပေး ဆက်သွယ်သွားရန် ဆိုသည့် အချက်မှာ အရေးကြီးကြောင်း ထိုအစီရင်ခံစာက အကြံပြုထားသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချရမှုကို တိုးတက်စေသည့် စီးပွားရေး မူဝါဒများနှင့် စီးပွားရေး အခြေအနေ တိုးတက်မှုများကို ပုံမှန် ထုတ်ပြန်ပေးခြင်းမှာ စီးပွားရေး မျှော်မှန်းချက်များကို ခိုင်မာစေနိုင်သည့် အတွက် ဆက်လက် လုပ်ဆောင်သွားရမည်ဟု တိုက်တွန်းထားသည်။ (Xinhua)