Connect with us

Local

မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းကို မြန်မာနိုင်ငံ၏ ငါးခုမြောက် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းဆို

မြိတ်ကျွန်းစုရှိ ရေအောက်သန္တာကျောက်များအား တွေ့ရစဉ် (ဓာတ်ပုံ-- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းကို မြန်မာနိုင်ငံ၏ ငါးခုမြောက် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ဆင်ဟွာသို့ ဇန်နဝါရီ ၁ ရက်တွင်ပြောသည်။

“မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းကို မြန်မာနိုင်ငံ၏ ငါးခုမြောက် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာဖို့အတွက် ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ဆောင်ရွက်နေတာပါ။ ကျွန်တော်တို့ ဒီခရီးစဉ်ဒေသကို COVID-19 အလွန်မှာ ဖွင့်ဖို့ ရည်ရွယ်ထားတယ်။ မြိတ်ခရိုင်ဘက်မှာရှိတဲ့ ဒုံးကျွန်းကို အခြေပြုလုပ်မယ်လို့ မျှော်မှန်းထားပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

မြိတ်ကျွန်းစုရှိ ကျွန်းများသည် ပင်လယ်ကမ်းခြေများ၏ လှပမှု၊ ရေပေါ်ရေအောက် သယံဇာတများ၏ လှပမှုများကြောင့် မြိတ်ကျွန်းစုသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ လည်ပတ်မှုများသည့် ကျွန်းများတွင် အခြေခံအဆောက်အအုံများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုံးညောင်မှိုင်းကျေးရွာတွင် ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism- CBT) သည် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မကြာမီ ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

“အခုဆိုဖုန်းလိုင်းမရှိဘူး။ ခရီးစဉ်ဒေသဖော်ဆောင်ရင် ဖုန်းလိုင်းတွေရမယ်လို့မျှော်မှန်းတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမယ်လို့မျှော်လင့်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

မြိတ်ကျွန်းစုရှိ ကျွန်းများတွင် အပန်းဖြေခရီး လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ ပိုမို အဆင်ပြေစေရေးအတွက် ခရီးသွားဧည့်သည်များအကြားတွင် ရေပန်းစားလျက်ရှိသည့် စမတ်ကျွန်းတွင် ရေပေါ် တံတားနှင့် စမတ်ကျွန်းအပါအဝင် ကျွန်းခြောက်ကျွန်း၌ အခြေခံအဆောက်အအုံများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဒုံးညောင်မှိုင်းကျေးရွာတွင် ခရီးသွားဧည့်သည်များအနေဖြင့် ဆလုံလူမျိုး၊ ကရင်လူမျိုး၊ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် လူမှုဘဝနေထိုင်မှုပုံစံများကို လေ့လာနိုင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ကျွန်းပေါ် ၌ စက်ဘီးစီးခြင်း၊ တောတွင်းလမ်းလျှောက်ခြင်း၊ ဒေသခံများနှင့်အတူ ငှက်ကြည့်ခြင်းခရီးစဉ်၊ ကရွတ်လှေများ လှော်ခတ်ပြီး ဒီရေတောများ လေ့လာခြင်း၊ အပျော်တမ်း ငါးမျှားခြင်း၊ ရေကူးခြင်း စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒုံးညောင်မှိုင်းကို အခြေပြု၍ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအကြား ရေပန်းစားနေသည့် အနီးအနားမှ ကျွန်းများသို့ မော်တော်ဘုတ်များဖြင့်သော်လည်းကောင်း၊ Speed Boat များဖြင့်သော်လည်းကောင်း သွားရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.