Connect with us

Local

၂၀၂၀ပြည့်နှစ် မြန်မာ့စီးပွားရေးအေးစက်ခဲ့သော်လည်း စီးပွားရေးတိုးတက်မှုနှုန်း ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ဟုဆို

ရန်ကုန်မြို့ရှိ အထည်ချုပ်လုပ်ငန်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ပြည့်နှစ်တစ်နှစ်လုံးအားခြုံကြည့်ပါက စီးပွားရေးလုပ်ငန်းများ အေးစက်ခဲ့သော်လည်း ကဏ္ဍပေါင်းစုံအနေအထားဖြင့် ကြည့်မည်ဆိုပါက စီးပွားရေးတိုးတက်မှုနှုန်းသည် ၁ ဒသမ ၈ရာခိုင်နှုန်း ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။

“၂၀၂၀ ပြည့်နှစ်မှာ တစ်မ္ဘာလုံး စီးပွားရေးတွေကျဆင်းခဲ့တယ်။ဒါပေမယ့် ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့စီးပွားရေးက ၁ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်ဆိုတော့ အကောင်းဘက်ကိုမြင်ပါတယ်။ ဒါကလည်း လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ တွေနဲ့ တစ်ချို့ ကဏ္ဍတွေမှာ ပို့ကုန်တွေ တိုးမြှင့် ခဲ့တာတွေကြောင့်လို့ပြောနိုင်ပါတယ်’’ ဟု ၎င်းက ရှင်းပြသည်။

 အမေရိကန်ဒေါ်လာငွေအားတွေ့ရစဉ် (ဆင်ဟွာ) 

၂၀၂၀ပြည့်နှစ် ဧပြီလတွင် COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံရှိ မြို့နယ်အချို့တွင် Stay at Home နေထိုင်ရန် ကြေညာခြင်း၊ နယ်စပ်ဂိတ်အချို့ ပိတ်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။ လေကြောင်းလိုင်းများအနေဖြင့် Relief Flight များသာထွက်နိုင်ခဲ့သည်။ ကျောက်မျက်ပွဲများ ကျင်းပခြင်းရပ်ဆိုင်းခဲ့ရသည်။

ဘဏ်တိုးလျှော့ချခြင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၂၀ပြည့်နှစ်တွင် ဘဏ်တိုးအား ၃ကြိမ်လျှော့ချပေးခဲ့သည်။ ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က “နိုင်ငံတော်အစိုးရကစီးပွားရေးလုပ်ငန်းတွေရှင်သန်နိုင် ရေးအတွက်ဆိုပြီး ဘဏ်တိုးတွေလျှော့ချပေးခဲ့တာဖြစ်တယ်။ ဒါကတော့ ၂၀၂၀ပြည့်နှစ်အတွက် ထူးခြားချက်တစ်ခုပါ’’ ဟု ဆိုသည်။
၂၀၂၀ပြည့်နှစ်၊ မေ ၁ ရက်မှ စ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြောင်းလဲကောက်ခံခဲ့သည့် အတိုးနှုန်းမှာ
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်းတစ်နှစ်လျင် ၅ ရာခိုင်နှုန်း၊ အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း တစ်နှစ်လျင် ၁၀ရာခိုင်နှုန်း၊ အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်းတစ်နှစ်လျင် ၁၄ ဒသမ ၅ရာခိုင်နှုန်း အသီးသီး သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

ဒေါ်လာဈေး
၂၀၂၀ပြည့်နှစ်တွင် လုပ်ငန်းများ အေးစက်ခဲ့သောကြောင့် အမေရိကန်ဒေါ်လာဈေးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့ရသည်။ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၁ ရက် တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁,၄၈၃ ကျပ်ရှိခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၃၁ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁,၃၄၅ ကျပ် ပေါက်ဈေးရှိခဲ့ရာ အမေရိကန်ဒေါ်လာသည် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၃၈ ကျပ်အထိ နှစ်ကုန်ပိုင်းတွင် ဈေးနှုန်းကျဆင်းခဲ့သည်။
“အဓိကလုပ်ငန်းတွေ အေးစက်ခဲ့တယ်။ အင်ပို့ရော၊ အိတ်စပို့ရော နည်းခဲ့တယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာဈေးနှုန်းက ကျဆင်းခဲ့တာဖြစ်ပါတယ်’’ ဟုဦးသန်းလွင်ကဖြည့်စွက်ပြောကြားခဲ့သည်။

ကုန်သွယ်မှု
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံကျော် ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်တိုးတက်မှုရှိခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးမျိုးသူ က “ကျွန်တော်တို့ဝန်ကြီးဌာနတွေအနေနဲ့ကတော့ ဘဏ္ဍာနှစ်နဲ့ ပြောရတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကျွန်တော်တို့ ကုန်သွယ်မှုကဏ္ဍက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက်ပိုပြီး တိုးတက်ခဲ့တယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာက ပြောင်းကတန်ချိန် ၂ဒသမ ၅ သန်း အထိ စံချိန်သစ်တင်ပို့နိုင်ခဲ့တယ်။ ကြက်သွန်နီ ကလည်း တန်ချိန် ၁ သိန်းကျော် တင်ပို့နိုင်ခဲ့တယ်။ ဆန်၊ဆန်ကွဲ ရောင်းဝယ်မှုကလည်း ၂၀၁၈-၂၀၁၉ ထက်သာခဲ့တယ်။ မတ်ပဲကိုလည်း ပိုပြီးတင်ပို့နိုင်ခဲ့တယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကို ကြည့်ရင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက် ၁ဒသမ၅ ဘီလီယံ ပိုပြီးတင်ပို့နိုင်ခဲ့တဲ့အနေအထားရှိတယ်။ဒါကြောင့် ကုန်သွယ်ရေးကဏ္ဍအနေနဲ့ ကောင်းမွန်ခဲ့တယ်လို့ပြောလို့ရပါတယ်’’ ဟု ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၈ ဘီလျံအထိ ဝင်ရောက်ခဲ့ပြီး လျာထားချက်ပြည့်မီရန် အမေရိကန်ဒေါ်လာ သန်း ၁၂၀ လိုအပ်မှုရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အများဆုံးဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ လျှပ်စစ်ကဏ္ဍ ၃၀ ဒသမ ၂၆ ရာခိုင်နှုန်း၊စက်မှုကဏ္ဍ ၂၀ ဒသမ ၄၂ ရာခိုင်နှုန်း အိမ်ရာကဏ္ဍ ၂၀ ဒသမ ၁၉ ရာခိုင်နှုန်း အသီးသီးရှိခဲ့ပြီး စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့ မှ အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

အခွန်
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံမှုမှ စုစုပေါင်း ကျပ်၇,၂၉၆ ဒသမ ၆၉၇ ဘီလီယံရရှိခဲ့ပြီး အခွန်လျာထားချက်မှာ ကျပ်၇၁၆၈ဒသမ၃၁၈ ဘီလီယံဖြစ်သောကြောင့် လျာထားချက်ကို ကျော်လွန်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က “အခွန်ကောက်ခံရရှိမှုက တိုင်းပြည်ရဲ့ စီးပွားရေးပေါ်မူတည်တယ်။ ဒီ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အခွန်ပိုမိုကောက်ခံရရှိတာက ပြီးခဲ့တဲ့ နှစ်က အရှိန်တွေ ရှိနေတယ်။ ဒီဘဏ္ဍာနှစ်ကတော့ COVID-19 ကာလဖြစ်ပေမယ့် အခွန်အရပ်ရပ်က ကောက်ခံရရှိမှု ကို ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်’’ ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

အသေးစားနှင့်အလတ်စားလုပ်ငန်း
အစိုးရအနေဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ရပ်တည်နိုင်ရန်အတွက် ၂၀၂၀ပြည့်နှစ်အတွင်းတွင် ကျပ်ဘီလီယံ ၂၀၀ ကျော်ထုတ်ချေးခဲ့ကြောင်း၊ အခွန်များလျှော့ချခြင်း၊ အခွန်ပေးရမည့်ရက်အားရွှေ့ဆိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါက်တာမောင်မောင်လေးက “၂၀၂၀ ပြည့်နှစ်မှာ SME တွေရဲ့ အနေအထားက အခြေအနေအတော်ဆိုးပါတယ်။ တချို့ဆိုရပ်သွားတယ်။ UMCCI အနေနဲ့ COVID-19 ကာလအတွက် ချေးငွေတွေကိုလည်း လျှောက်ထားတဲ့နေရာမှာ အစိုးရနဲ့ ကူညီဆောင်ရွက်ခဲ့ပါတယ်။ အစိုးရအနေနဲ့ပေးနိုင်တဲ့ ချေးငွေက GDP ရဲ့ ၅ ရာခိုင်နှုန်းကို ထုတ်ချေးတာပါ။ ဒါပေမယ့် လုပ်ငန်းတွေအတွက်ကတော့ ရရှိတဲ့ချေးငွေ က မကာမိခဲ့ပါဘူး’’ ဟုဆိုသည်။

၂၀၂၀ပြည့်နှစ်စီးပွားရေး
၂၀၂၀ပြည့်နှစ် မြန်မာ့စီးပွားရေးသည် အေးစက်ခဲ့ပြီး Work from Home ဖြင့် ဆောင်ရွက်မှုများ ပိုမိုများပြားလာခဲ့ရသည်။ လုပ်ငန်းရှင်များက ဝန်ထမ်းဦးရေလျှော့ချခြင်းနှင့် လစာလျှော့ချခြင်းများဆောင်ရွက်ခဲ့ကြသည်။
စီးပွားရေးပညာရှင် ဦးမျိုးမင်း က “၂၀၂၀ မှာ လုပ်ငန်းက လုံးဝပုံစံပြောင်းသွားတယ်။ လုပ်ရတဲ့ အလုပ်တွေက ပိုလုပ်ရပြီး ရပ်နားသွားတဲ့ လုပ်ငန်းတွေလည်းရှိတယ်။ COVID-19 Work at Home လည်း အဆင်ပြေချင်ပြေ မပြေရင် လုပ်ငန်းရော၊ ဝန်ထမ်းတွေရဲ့ ဘဝတွေရော ရပ်ဆိုင်းသွားနိုင်တယ်လို့ COVID-19 က အချက်ပြလိုက်တာလို့ မြင်ပါတယ်။COVID-19 ကြောင့် ပြန်မပေါ်နိုင်တဲ့လုပ်ငန်းတွေ ရှိသလို ပြန်ပေါ်နိုင်သေးတဲ့ လုပ်ငန်းတွေလည်းရှိသေးတယ်။ အစိုးရက စီးပွားရေးကို ရဲရဲဝံ့ဝံ့ဆောင်ရွက်နိုင်ဖို့ ကျွန်တော်က တိုက်တွန်းချင်ပါတယ်။’’ ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.