Local
၁၉ ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး (အွန်လိုင်း) ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း ၉၀ ခန့် ပါဝင်ပြသ
ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်
၁၉ ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး (အွန်လိုင်း)ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြပွဲတွင် ပြခန်းပေါင်း ၉၀ ခန့် ပါဝင်ပြသကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထင် ဟပ်စေသည့်အပြင် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးအတွက်အရေးပါသည့် အခမ်းအနား ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အရည်အသွေးသတ်မှတ်ချက် စည်း မျဉ်းစည်းကမ်းများ၊ ကုန်သွယ်မှုလုပ်ထုံး လုပ်နည်းများကို အပြန်အလှန်အသိပေးခြင်း၊ သတင်း အချက်အလက်ဖလှယ်ခြင်းများဆောင်ရွက်ရန် အရေးကြီးကြောင်း ၊ နယ်စပ်ဒေသတွင် တရားမဝင် ကုန်သွယ်မှုများပပျောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် နှင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူစွာ ဝင်ထွက်သွားလာ နိုင်ရေးအတွက် နှစ်နိုင်ငံကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ကို ဆောလျှင်စွာအတူ တကွအကောင်အထည်ဖော်ရန်ကိုလည်း တိုက်တွန်းလိုပါကြောင်း၊ COVID–19 ကပ်ရောဂါကာလ တွင် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ရမည်ဖြစ်သော်လည်း ကုန်သွယ်မှုလုပ် ငန်းများလုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန်နှင့် အတားအဆီးမဖြစ်စေရန် သင့်တော် သည့်ဖြေလျှော့မှုများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံမှ စားသောက်ကုန် များ၊ လယ်ယာထွက်ကုန်များ၊ သစ်သီးဝလံများ၊ ရေထွက်ကုန်များ၊ ကျောက်မျက် ရတနာများ၊ အထည်အလိပ်များ၊ တိုင်းရင်းဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများကို လည်းကောင်း တရုတ်နိုင်ငံမှ စားသောက်ကုန်များ၊ ဓါတ်မြေဩဇာများ၊ လယ်ယာသုံးနှင့် လုပ်ငန်းသုံးစက်ပစ္စည်း များ၊ လျှပ်စစ်ပစ္စည်းများနှင့် ကျန်းမာရေးအသုံးအဆောင်များကို ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပါတီကော်မတီအတွင်းရေးမှူး ကိုယ်စား ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ လျှိုဟုန်ကျန်းက အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံသည် ပထဝီအနေအထားအရ ပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးကာ ယဉ်ကျေးမှုချင်းလည်းဆက်နွယ်နေကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေး၊ ငွေရေးကြေးရေး ချိတ်ဆက်ရေးနှင့် ပြည်သူချင်းအပြန်အလှန်ပူးပေါင်း ဆောင်ရွက် မှုများ တိုးတက်လာကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ မြန်မာ နိုင်ငံခရီး စဉ်အတွင်း နှစ်နိုင်ငံမဟာဗျူဟာမြောက် ဆက်ဆံရေးတည်ထောင်ရန် သဘောတူညီခဲ့ကြောင်း၊ COVID–19 ကပ်ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို သက်ရောက်မှု များရှိခဲ့ကြောင်း၊ နယ်စပ်ကုန်စည်ပြပွဲသည် နှစ်နိုင်ငံနယ်စပ် နေပြည်သူများ၏ လူမှုဘဝမြှင့်တင် နိုင်ရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်ရေး၊ တရုတ်-မြန်မာ စီးပွား ရေးစင်္ကြန်ပူးပေါင်းဆောင်ရွက်မှု၊ အသားစားနွားတင်ပို့ရေးလုပ်ငန်းများကို ဆက်လက် ပူးပေါင်း ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
မြန်မာ-တရုတ်နယ်စပ်ကုန်စည်ပြပွဲကို မြန်မာနိုင်ငံနှင့် တရုတ်အစိုးရတို့အကြား လက်မှတ် ရေးထိုးခဲ့သည့် နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များအရ မြန်မာ နိုင်ငံ(မူဆယ်)မြို့နှင့် တရုတ်နိုင်ငံ(ရွှေလီ)မြို့တို့တွင် အလှည့်ကျကျင်းပပြုလုပ်ခဲ့ရာ ယခု နှစ် (၁၉) ကြိမ်မြောက် ကုန်စည်ပြပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် မူဆယ်မြို့တွင် လက်ခံ ကျင်းပ ရမည်ဖြစ်သော်လည်း COVID–19 ကပ်ရောဂါကြောင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ Online Trade Fair အဖြစ် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြပွဲကာလအတွင်း B2B Business Matching များ ကျင်းပပြုလုပ်ခြင်း နှင့် ဒီဇင်ဘာ ၁၆ ရက်တွင် Trade Financing and Border Trade Payment System Between Myanmar & China ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည် လုပ်ငန်းရှင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း ၊ ပြပွဲနှင့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်လိုသော မြန်မာနိုင်ငံမှ ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် www.myanmarexpopark.com တွင် Registration ပြုလုပ်၍ အခမဲ့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။ (Xinhua)