Connect with us

Local

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သန်း တင်ပို့ရန်လျာထား

ဆန်ပွဲရုံတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သန်း တင်ပို့ရန်လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူ က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောသည်။

“ဆန်ရော၊ ဆန်ကွဲရော စုစုပေါင်းပေ့ါ။ ပြည်တွင်းက ဆန်ဈေးကွက်နဲ့ ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအားပေါ်မူတည်ပြီး အရောင်းအဝယ်လုပ်ကြတာပါ။ ဒီနှစ်မှာ ဆန်စပါးထုတ်လုပ်မှုက လျော့နည်းတာတော့မရှိပါဘူး။ ဈေးနှုန်းက ဒီနှစ်က စပါးပေါ်ချိန်မှာတောင် သိပ်ပြီးမနိမ့်ခဲ့ဘူး။ လက်ရှိလည်း ဆန်စပါးဈေးကွက်က အတက်ဘက်မှာ ရှိနေတယ်။ ပြည်တွင်းဈေးမြင့်သွားရင်လည်း တင်ပို့ရတာ ခက်ခဲတယ်။’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒဿမ၂ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒဿမ ၅ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

“ဆန်နဲ့ ဆန်ကွဲကို ကျွန်တော်တို့က နိုင်ငံစုံကိုတင်ပို့တာပါ။ အီးယူဘက်ကိုဆို ဆန်ကွဲတင်ပို့မှုများတယ်။ ပြည်တွင်းဆန်ကွဲဈေးက ဒီနှစ်မှာဈေးကောင်းနေတယ်။ နှစ်စဉ် ဆန်ကွဲမပါ ဆန်တန်ချိန်ချည်းပဲ ၂ သန်းဝန်းကျင် တင်ပို့နိုင်ခဲ့တဲ့ အနေအထားမှာရှိပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲအား နိုင်ငံပေါင်း ၆၆ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း ဆိုသည်။ (Xinhua)