Stock Market
ရန်ကုန်စတော့ အိပ်ချိန်း တွင် အရောင်းအဝယ်ဖြစ်မြောက်မှုတန်ဖိုး ယခင်ထက် ၄၂ ရာခိုင်နှုန်းကျော်အရောင်းအဝယ်ဖြစ်လာ

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)
ရန်ကုန်စတော့ အိပ်ချိန်း (YSX)၏ အရောင်းအဝယ်အကြိမ်ရေတိုးမြှင့်ပြီးနောက် ယေဘုယျကိန်းဂဏန်း အချက်အလက်များအရ စုစုပေါင်းတစ်နေ့ ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်မှုတန်ဖိုးမှာ ကျပ် ၅၇ သန်းရှိခဲ့ပြီး ယခင်ကထက် ၄၂ ရာခိုင်နှုန်းကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ကြောင်း YSX မှ အကြီးတန်းမန်နေဂျာ ဦးမင်းသူကပြောသည်။
ဦးမင်းသူက “အရောင်းအဝယ်ဖြစ်တဲ့ တစ်နေ့ပျမ်းမျှအရေအတွက် က ၉၂၅၁စောင်ရှိတယ်။ အရင်ကထက် ၃၇.၆ ရာခိုင်နှုန်းပိုများလာခဲ့တယ်’’ ဟုပြောသည်။
ရန်ကုန်စတော့အိပ်ချိန်းသည် စတော့ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူအရေအတွက် တိုးပွားလာစေရေး ရည်ရွယ်လျက် ရန်ကုန်စတော့အိပ်ချိန်း ၏ အရောင်းအဝယ်ပြုလုပ်သည့် အကြိမ်ရေအား မူလ ၂ကြိမ်ဆောင်ရွက် ရာမှ ၄ ကြိမ်အထိ တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိပ်ချိန်းတွင် သတင်းမီဒီယာများသို့သတင်းထုတ်ပြန်စဉ် (ဆင်ဟွာ)
ရန်ကုန်စတော့အိပ်ချိန်းတွင် သတင်းမီဒီယာများသို့သတင်းထုတ်ပြန်စဉ် (ဆင်ဟွာ)
ရန်ကုန်စတော့အိပ်ချိန်း တွင် စာရင်းဝင်လိုသော ကုမ္ပဏီများ နှင့် ဆက်စပ်အဖွဲ့အစည်းများဖြစ်သော ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ ဥပဒေအကျိုးဆောင်ကုမ္ပဏီများ နှင့် စာရင်းစစ်အဖွဲ့အစည်း များမှ သိရှိလိုသောတရားဝင်စံနှုန်းများ၊ စာရင်းဝင်စည်းမျဉ်းများ နှင့် စာရင်းဝင်စစ်ဆေးခြင်းလုပ်ထုံးလုပ်နည်းများအ ပြင် အခြားဆက်စပ်သော ကိစ္စရပ်များ ကို ရန်ကုန်စတော့အိပ်ချိန်း ၏ Listing Consulting Division တွင် စုံစမ်းမေးမြန်ညှိနှိုင်းတိုင်ပင်နိုင်ကြောင်း သိရသည်။
စာရင်းဝင်ကုမ္ပဏီအရေအတွက် တိုးပွားလာစေရေးအတွက် Listing Promotion Seminar အား ရန်ကုန်စတော့ အိပ်ချိန်းတွင် ဇွန်လ ၅ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ၊ ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးမည့်အကြောင်း အရာအား အထူးစီးပွားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr.Sean Turnell (မစ္စတာရှောင်တန်နယ်) တက်ရောက်ပြောကြားမည်ဖြစ်သည်။
ထို့ပြင် KTZ Ruby Hill Securities Co.ltd ၏ အွန်လိုင်းထရေးဒင်းဝန်ဆောင်မှုစတင်ရန် မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် မှ ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း၊ အွန်လိုင်းထရေးဒင်း ဝန်ဆောင်မှု စတင်ခြင်းအခမ်းအနား အား မေလ ၁၇ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်းခန်းမ ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာရေး နှင့် အများပိုင် ကုမ္ပဏီများ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်လာနိုင်ရေးအတွက် Special Task Force (အထူးအဖွဲ့) တစ်ခုအား ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ (Xinhua)