Connect with us

Agriculture

တရုတ် နိုင်ငံ၏ ၇ ခုမြောက် အကြီးဆုံး သဲကန္တာရ၏ သုံးပုံတစ်ပုံ စိမ်းလန်းစိုပြေရေး ဆောင်ရွက် နိုင်ခဲ့

တရုတ် နိုင်ငံ၏ ၇ ခု မြောက် အကြီးဆုံး ခုပုချီ သဲကန္တာရတွင် စိမ်းလန်းစိုပြေရေး လုပ်ငန်း ဆောင်ရွက် နေစဉ် (ဆင်ဟွာ)

ဟိုးဟော့၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ မွန်ဂိုလီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ယနေ့ကျင်းပ နေသော ၅ ကြိမ်မြောက် ခုပုချီ အပြည်ပြည်ဆိုင်ရာ သဲကန္တာရ ညီလာခံတွင် တရုတ် နိုင်ငံ၏ ၇ ခုမြောက် အကြီးဆုံး သဲကန္တာရ ဖြစ်သည့် ခုပုချီ သဲကန္တာရ၏ သုံးပုံတစ်ပုံ ဖြစ်သည့် စတုရန်း ကီလိုမီတာ ၆,၀၀၀ ကျော်ကို ပြန်လည် စိမ်းလန်း စိုပြေရေး ဆောင်ရွက်နိုင် ခဲ့ကြောင်း သိရှိခဲ့ရသည်။

ခုပုချီ သဲကန္တာရသည် စုစုပေါင်း ဧရိယာ ၁၈,၆၀၀ စတုရန်း ကီလိုမီတာ ရှိပြီး မွန်ဂိုလီးယား အလယ်ပိုင်းရှိ သဲကန္တာရ တစ်ခု ဖြစ်သည်။ ပေကျင်းနှင့် ထျန်းကျင်းသို့ သဲမုန်တိုင်း ကျရောက်စေသော အရင်းမြစ် သဲကန္တာရ ဖြစ်သည်။ အဆင့် ၆ ပြင်းအားရှိ လေတိုက်မှုကြောင့် ထိုဒေသရှိ သဲများသည် တစ်ရက်တည်း အချိန်ဖြင့် ပေကျင်းမြို့အထိ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။

ခုပုချီ သဲကန္တာရ စိမ်းလန်းစိုပြေရေးကို ဆောင်ရွက်ပေးခဲ့သည့် ရိလိ လုပ်ငန်း ကုမ္ပဏီသည် ၂၇ နှစ်ကြာ မရပ်မနား လုပ်ငန်းဆောင်ရွက် ခဲ့ပြီးနောက် ခုပုချီ သဲကန္တာရ၏ ဧရိယာ စတုရန်း ကီလိုမီတာ ၆,၀၀၀ ကျော်ကို ပြန်လည် စိမ်းလန်းစိုပြေ လာရန်ဆောင်ရွက် နိုင်ခဲ့ပြီး သဲကန္တာရ၏ ဧရိယာ စတုရန်း ကီလိုမီတာ ၁၁,၀၀၀ ကျော်ကို အခြေအနေ ထိန်းချုပ် နိုင်ခဲ့သည်။

လွန်ခဲ့သည့် နှစ် ၂၀၀ ခန့်တွင် ခုပုချီ သဲကန္တာရသည် စိမ်းလန်းစိုပြေမှု ရှိခဲ့သည့် ဒေသတစ်ခု ဖြစ်ခဲ့ဖူးပြီး ချင်မင်းဆက် နောက်ပိုင်း အဆက်မပြတ် စစ်ဖြစ်ပွားခြင်းနှင့် ရွှေ့ပြောင်း မွေးမြူရေး လုပ်သား များ၏ မဆင်မခြင် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်မှုကြောင့် သဲကန္တာရ အဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

စာရင်းပြုစုချက်များအရ လွန်ခဲ့သည့် နှစ်၂၀ က အခြေအနေ နှင့် နှိုင်းယှဉ်ကြည့်လျှင် ဖုန်မှုန့် ရာသီဥတု အခြေအနေ သည် ၉၅ ရာခိုင်နှုန်းလျော့ကျခဲ့သည်။ သက်ရှိသတ္တဝါ တိုးပွားမှုသည် ယခင်ထက် ၁၀ ဆ တိုးမြင့်လာခဲ့ပြီး မိုးရေချိန် မှာ ၇၀ မီလီမီတာ မှ ၃၀၀ မီလီမီတာ အထိ မြင့်တက်လာခဲ့ပြီး ကန္တာရရှိ သဲခုံးအမြင့် မှာလည်း တစ်ဝက်ခန့်လျော့ ကျလာ ခဲ့သည်။

မြေဧကပေါင်း တစ်သန်းခွဲ ခန့်မှာလည်း မြက်ပင်များများနှင့် ပဲမျိုးစုံအပင်များ စိုက်ပျိုးခဲ့မှုကြောင့် အပေါ်ယံ မြေဆီလွှာများ ဖြစ်ပေါ်လာခဲ့ပြီး စိုက်ပျိုးနိုင်သည့် မြေများ အဖြစ်သို့ ရောက်ရှိလာကာ ပညာရှင်များမှ သဲကန္တာရ ၏ အံ့ဖွယ် တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

သဲကန္တာရ အတွင်း နေထိုင်ကြသော မွန်ဂိုလူမျိုး ရွှေ့ပြောင်း မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သည့် ပြည်သူ တစ်သိန်း ကျော်မှာလည်း အပင်စိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ ဆေးဖက်ဝင် အပင်များ စိုက်ပျိုးခြင်း စသည့် စိမ်းလမ်းစိုပြေရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ယခင် နှစ်စဉ်ဝင်ငွေ တရုတ်ယွမ်ငွေ ၂,၀၀၀ ခန့်မှ တစ်သောင်းကျော်အထိ ရောက်ရှိလာခဲ့ပြီး အချို့သူများမှာ သုံးသောင်း အထိ ရရှိနေပြီ ဖြစ်သည်။

စိမ်းလန်းစိုပြေရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းရှိ လုပ်ငန်းများ တိုးတက်မှု ရရှိခဲ့ပြီး ပြည်သူ များလည်း ဝင်ငွေ တိုးမြင့်လာသောကြောင့် ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင် ကောင်စီ၏ အသိအမှတ် ပြုခြင်း ကိုခံခဲ့ရသည်။ ခုပုချီ သဲကန္တာရ စိမ်းလန်းစိုပြေရေး ဆောင်ရွက်မှု မှာလည်း ကုလသမဂ္ဂ၏ သဲကန္တာရ စိမ်းလန်းစိုပြေရေး လုပ်ငန်းဆောင်ရွက်မှု၏ စံနမူနာ အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကုလသမဂ္ဂ ထိပ်တန်း အစည်းအဝေး များအတွင် အကြိမ်ကြိမ် ထုတ်ဖော် ချီးကျူးမှုများ ရရှိခဲ့သည်။ (Xinhua)