Connect with us

Economy

တရုတ်နိုင်ငံရှိ မြို့၅ မြို့ကို ဗီဇာမလိုဘဲ ၁၄၄ နာရီ ဝင်ရောက်လည်ပတ်ခွင့်ပြု

တရုတ်နိုင်ငံအရှေ့ ပိုင်း ရှန်တုံပြည်နယ် Qingdao လေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများ တာဝန်ထမ်းဆောင်နေစဉ်(ဆင်ဟွာ)

ဂျင်နန်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၅၃ နိုင်ငံမှ ခရီးသွားများအတွက် ယနေ့ဇန်နဝါရီ ၁ ရက်တွင် နိုင်ငံအတွင်းရှိ မြို့၅ မြို့ကို ဗီဇာမလိုဘဲ ၁၄၄ နာရီ ခရီးတစ်ထောက်ဝင်ရောက်လည်ပတ်ခွင့်ကို စတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါမြို့များမှာ ရှန်တုံပြည်နယ်အတွင်းရှိ အဓိက ဆိပ်ကမ်းမြို့ဖြစ်သော ကွင်းဒါအိုး(Qingdao) ၊ ဖူကျင့်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းမြို့ဖြစ်သောရှီမန်း ၊ ဟယ်ဘေပြည်နယ်မြို့တော် ဝူဟန်(Wuhan) ၊ စီချွန်းပြည်နယ်မြို့တော် ချန်ဒူး နှင့် ယူနန်ပြည်နယ်မြို့တော် ကူမင်း တို့ဖြစ်ကြောင်း သိရသည်။

ဗီဇာကင်းလွတ်ခွင့်ခရီးတစ်ထောက်မူဝါဒကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး သြစတြေးလျ ၊ ဘယ်လ်ဂျီယံ ၊ ချက် ၊ ဒိန်းမတ် ၊ ပြင်သစ် ၊ ဂျာမနီ ၊ ရုရှား နှင့် အမေရိကန်နိုင်ငံတို့အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၅၃ နိုင်ငံမှ ခရီးသွားများကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်များအနေဖြင့် ၎င်းမြို့၅ မြို့သို့ဝင်ရောက်ချိန်တွင် နိုင်ငံတကာခရီးသွားစာရွက်စာတမ်းများကို တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ပြီး ၁၄၄ နာရီအတွင်း ခရီးစဉ်လုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်ရန် လိုအပ်သည်။

ယခင်က ဗီဇာမလို ခရီးတစ်ထောက် ဝင်ရောက်ခွင့်ကို အချိန် ၇၂ နာရီသာခွင့်ပြုပေးခဲ့သည်။ ယခုပြဌာန်းလိုက်သော စည်းမျဉ်းအသစ်အရ ခရီးသည်များသည် ကွင်းဒါအိုး နှင့် ရှီမန်းမြို့များကို လေကြောင်းဖြစ်စေ ၊ ရေကြောင်းဖြစ်စေ ဝင်ထွက်ခွင့် ရရှိမည်ဖြစ်သည်။ ကွင်းဒါအိုးသို့ခရီးတစ်ထောက်ဖြတ်သန်းသူများသည် ရှန်တုံပြည်နယ်အတွင်း မည်သည့်နေရာမဆို ၁၄၄ နာရီ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ရှန်တုံပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ဒုတိယအကြီးအကဲ Li Zhuqun ၏ ပြောကြားချက်အရ သိရသည်။

၂ဝ၁၃ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံတော်ကောင်စီသည် နိုင်ငံအတွင်းရှိ မြို့၁၈ မြို့ကို ဖြတ်သန်းသွားလာရန် နိုင်ငံတကာခရီးသွားများအား ၇၂ နာရီ ဗီဇာမလို ခရီးတစ်ထောက်ဝင်ရောက်လည်ပတ်ခွင့် ပေးခဲ့သည်။ နောက်ပိုင်းတွင် ပေကျင်း-ထျန်ကျင်း-ဟယ်ဘေးဒေသများ ၊ ရှန်ဟိုင်း နှင့် အနီးအနားရှိ Zhejiang နှင့် Jiangsu ပြည်နယ် ၊ လျောင်နင်းပြည်နယ်အတွင်းရှိ Shenyang မြို့နှင့် Dalian မြို့များပါ ၁၄၄ နာရီထိ နေထိုင်ခွင့်ကို အချိန်တိုးမြှင့်ပေးခဲ့ကြောင်း အမျိုးသားလူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲမှုဌာန၏ ပြောကြားချက်အရသိရသည်။

တရုတ်နိုင်ငံသို့နှစ်စဉ် နိုင်ငံခြားခရီးသွား ၄၃ သန်းကျော် ဝင်ရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.