Connect with us

Environment, Disasters & Accidents

ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် လူအများအပြားပျောက်ဆုံးနေ ၊ ရေမဆေးကျောက် ရှာဖွေသူ ရုပ်အလောင်း ၅၀ ခန့် ရရှိထားဟုဆို

ယနေ့ ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား တွေ့ရစဉ်(မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ယနေ့ (ဇူလိုင် ၂ ရက်) နံနက် ၈နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊  မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများ၌ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၅၀ ခန့်ကို လက်တလောရှာဖွေရရှိထားကြောင်း ဆိပ်မူအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်မှူး ဦးဒေါ်လာက ဆင်ဟွာသို့ပြောကြားသည်။

” ၂၀၀ လောက်ပျောက်မပျောက်တော့ မသေချာသေးပါဘူး၊ ခုထိတော့ အလောင်း ၅၀ တွေ့ထားပြီ၊ ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။ ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။

ယနေ့ ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား တွေ့ရစဉ်(မီးသတ်တပ်ဖွဲ့)

ယနေ့ ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား တွေ့ရစဉ်(မီးသတ်တပ်ဖွဲ့)

အဆိုပါ နေရာတွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နံနက် ၉နာရီခွဲ အချိန်တွင် သေဆုံးသူများ၏ ရုပ်အလောင်း(၃၅)လောင်းနှင့် နံနက် ၁၀နာရီအချိန်တွင် ရုပ်အလောင်း(၁၅)လောင်း စုစုပေါင်း သေဆုံးသူ(၅၀)ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေစာပုံပြိုကျသည့်အချိန်သည် ရေမဆေးကျောက်ရှာဖွေသူများ အလုပ်လုပ်ကိုင်နေသည့်အချိန်ဖြစ်၍ မြေစာပုံအောက် လူရာချီမျောပါသွားနိုင်ကြောင်း၊ လက်တလော အရေအတွက် အတိအကျ သိရရန် ခက်ခဲနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ဖားကန့်မြို့မစခန်းမှ စုံစမ်းသိရှိရသည်။

” ဘယ်ကုမ္ပဏီလုပ်ကွက်ထဲကမြေစာပုံလဲတော့ သတင်းမရောက် သေးဘူး၊ မြေစာပုံက ပေတော်တော်မြင့်တယ်၊ ခုအလောင်း ၅၀လောက်ရှိပြီး၊ လူရာချီတော့ မြေစာပုံအောက်ရောက်နေလောက်တယ်’ ဟု ဖားကန့်မြို့မစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ယင်း မြေစာပုံပြိုကျမှုဖြစ်ပွားရာနေရာတွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။  (Xinhua)