Connect with us

Politics, Law & Military

တရုတ်နိုင်ငံက အမေရိကန်သံအမတ်ကို ဆင့်ခေါ်၊ ဟောင်ကောင်အရေး ဉပဒေကြမ်းအပေါ် ကန့်ကွက်လွှာပေးအပ်

ဟောင်ကောင်၌ ဆန္ဒပြသူများက အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး Zheng Zeguang က နိုဝင်ဘာ ၂၅ ရက်တွင် တရုတ်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ် Terry Branstad အားဆင့်ခေါ်၍ အမေရိကန် အထက်လွှတ်တော် နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုခဲ့သော ဟောင်ကောင် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ဉပဒေကြမ်း၂၀၁၉ အပေါ် ပြင်းထန်သော ကန့်ကွက်မှုများ နှင့်  ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမေရိကန်အနေဖြင့် ၎င်း၏ အမှားကို ချက်ချင်းပြင်ဆင်မှုလုပ်ဆောင်သွားရန် ၊ ဟောင်ကောင်အရေး နှင့် တရုတ်နိုင်ငံ၏ အခြားသော ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက် ခြေရှုပ်နေများကို ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ဒုဝန်ကြီး Zheng က ဆိုသည်။

ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်း နှင့် ဟောင်ကောင်အရေးသည် အလုံးစုံသော တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း၊  အမေရိကန်လွှတ်တော်က ပြဌာန်းလိုက်သည့် ဉပဒေကြမ်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် အလိမ်အညာ ထွင်လုံးတစ်ခုသာဖြစ်ကြောင်း Zhengက ဆက်လက်ပြောကြားခဲ့သည်။ အမေရိကန်ကွန်ဂရက်လွှတ်တော်သည် အမှန်တရား နှင့် ဖြစ်စဉ်အချက်အလက်များကို လျစ်လျူရှုနေကြောင်း ၊ တရုတ်နိုင်ငံအစိုးရအား ဆန့်ကျင်သည့် အကြမ်းဖက်ရာဇဝတ်မှုများ ပြုလုပ်နေသည့် ပုန်ကန်သူများကို အားပေးအားမြှောက်ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

“ ဒါဟာ နိုင်ငံတကာ ဉပဒေ နဲ့ နိုင်ငံတကာဆက်ဆံရေး အခြေခံစည်းမျဉ်းစည်းကမ်းတွေကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေတာပါ။ တရုတ်နိုင်ငံက ပြင်းထန်စွာ ရှုတ်ချပြီး အဲဒါမျိုးကို လုံးဝကန့်ကွက်ပါတယ်” ဟု Zheng က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် “ တစ်နိုင်ငံ စနစ်နှစ်မျိုး” ကို အပြည့်အဝဖော်ဆောင်ရန်အတွက် နိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်သွားရန် သန္နိဋ္ဌာန်ချထားကြောင်း နှင့် ဟောင်ကောင်အရေးနှင့်ပတ်သက်၍ မည်သည့်ပြည်ပ ဝင်ရောက်စွက်ဖက်မှုမျိုးကို မဆို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ ဟောင်ကောင်ရဲ့ တည်ငြိမ်မှု နဲ့ အကျိုးစီးပွား ထိခိုက်ပျက်စီးအောင် လုပ်နေတဲ့ ၊  ဟောင်ကောင်ကို ပဋိပက္ခထဲ ဆွဲသွင်းနေတဲ့ ဘယ်လုပ်ဆောင်ချက်မဆို အရှုံးနဲ့သာ အဆုံးသတ်သွားမယ်” ဟု Zheng က ဆိုသည်။

အမေရိကန်အနေဖြင့် လက်လျှိုနေမှုကို ချက်ချင်း ရုပ်သိမ်းရန် ၊ ၎င်း၏ အမှားကို ချက်ချင်းပြင်ဆင်ရန် ၊ ဉပဒေကြမ်းမှ ဉပဒေအဖြစ် အသက်မဝင်လာအောင် တားဆီးရန်နှင့်  ဟောင်ကောင်အရေး နှင့် အခြားသော တရုတ်နိုင်ငံ၏ ပြည်တွင်းရေးများကို စကားလုံးတစ်ရပ်ရပ်ဖြစ်စေ ၊ ဉပဒေတစ်ရပ်ရပ်ဖြစ်စေ အသုံးပြု၍ ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကဆိုသည်။

“ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ အမေရိကန်ဟာ အလုံးစုံသော အကျိုးဆက်တွေကို တာဝန်ယူသွားရမယ်” ဟု Zheng က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)