Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်တို့ တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်တို့ စက်တင်ဘာလ ၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အလည်အပတ်ရောက်ရှိနေသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ် (Angela Merkel) နှင့် စက်တင်ဘာလ ၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

လက်ရှိ ခေတ်ကာလသည် စိန်ခေါ်မှုများဖြင့် ပြည့်နေပြီး အန္တရာယ်များ မြင့်တက်နေကြောင်း၊ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်သော ဝါဒများက ကမ္ဘာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား စိုးရိမ်ဖွယ် ခြိမ်းခြောက်လျက်ရှိကြောင်း၊ မည်သည့်နိုင်ငံကမျှ ယင်းဖြစ်ရပ်နှင့် ကင်းလွတ်နိုင်မည်မဟုတ်ကြောင်း သမ္မတ ရှီက ပြောခဲ့သည်။

တာဝန်ခံမှုရှိသော နိုင်ငံကြီးနှစ်ခုဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အနေဖြင့် လူသားမျိုးနွယ်များ တွေ့ကြုံနေရသော ဘုံစိန်ခေါ်မှုများအား ရင်ဆိုင်ရန် ခိုင်မာသော မဟာဗျူဟာမြောက် ဆက်ဆံရေး၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟု ဆိုသည်။

ရှီက “ဒါတွေက တရုတ်နဲ့ ဂျာမနီတို့အတွက်သာမက ကမ္ဘာကြီးအတွက်လည်း ပိုပြီးအရေးကြီးလာတယ်” ဟု ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏ ငွေကြေးနှင့် ဝန်ဆောင်မှု ကဏ္ဍများအား တံခါးဖွင့်ဆောင်ရွက်မှု အရှိန်မြှင့်တင်လျက်ရှိကြောင်းနှင့် အဆိုပါ ကဏ္ဍများ၌ ဂျာမနီနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအား ဖိတ်ခေါ်ကြောင်း ရှီက ဆိုသည်။

ဂျာမနီ ဝန်ကြီးချုပ် မာကယ်လ်က ဝူဟန်မြို့သို့ သွားရောက်လည်ပတ်မည်ဖြစ်သောကြောင့် ယန်ဇီမြစ် စီးပွားရေးလမ်းကြောင်း တည်ဆောက်မှုတွင် ပါဝင်ရန် ရှီက ဂျာမန်လုပ်ငန်းများအား ဖိတ်ခေါ်ခဲ့သည်။

မာကယ်လ်က ဂျာမနီ-တရုတ် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများက ကျယ်ပြန့်မှုရှိသလို တရုတ်နိုင်ငံက ဂျာမနီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်မှု မိတ်ဖက်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုက ပိုမိုကောင်းမွန်သော လမ်းကြောင်းပေါ်တွင် တိုးတက်လျက်ရှိကြောင်း ပြောခဲ့သည်။

ထို့ပြင် မာကယ်လ်က တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်သောဝါဒများက ဂျာမနီအပေါ်လည်း မကောင်းသော သက်ရောက်မှုရှိကြောင်း၊ နိုင်ငံများအားလုံးအနေဖြင့် မတူညီမှုများနှင့် သဘောထားကွဲလွဲမှုများအား ဆွေးနွေးမှုနှင့် ညှိနှိုင်းတိုင်ပင်မှုများတစ်ဆင့် အဖြေရှာရန် လုပ်ဆောင်သင့်ကြောင်း ဆိုသည်။

ထို့နောက် နှစ်နိုင်ငံ ခေါင်းဆောင်များသည် အဓိက နိုင်ငံတကာရေးရာများအပေါ် နက်ရှိုင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီး ကျယ်ပြန့်သော သဘောတူညီမှုများလည်း ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.