Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ ပိုမိုသေချာရေရာမှု ဖန်တီးရေး ဂျာမနီ ၊ အီးယူ တို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျာမနီနိုင်ငံ အိန်ဂျလာမာကဲလ် တို့ ၂၀၁၈ ခုနှစ် မေ ၂၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ဂျာမနီ နှင့် ဥရောပသမဂ္ဂ(အီးယူ) တို့နှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ၊ နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒ ဆုတ်ကိုင်သွားရန် ၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုကို ကိုင်တွယ်သွားရန် နှင့် လက်ရှိကမ္ဘာကြီး၏ မသေချာမရေရာမှုများကို သေချာရေရာမှုရှိအောင် လက်တွဲဆောင်ရွက်သွားရန်  အသင့်ရှိကြောင်း ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် ဇွန် ၃ ရက် ညပိုင်းတွင် တယ်လီဖုန်းဆက်ပြောကြားရာ၌ သမ္မတရှီက COVID-19 ကူးစက်မှု စတင်ဖြစ်ပွားချိန်မှ စ၍ ယခုတစ်ကြိမ်သည် ၎င်း နှင့် မာကဲလ်တို့အကြား တတိယအကြိမ်မြောက် ဖုန်းဆက်ဆွေးနွေးမှုဖြစ်ကြောင်း ၊ ယင်းမှာ နှစ်နိုင်ငံအကြား နက်ရှိုင်းသော နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု နှင့် နီးကပ်သော မဟာဗျူဟာမြောက် ချိတ်ဆက်ဆောင်ရွက်မှု ရှိနေသည်ကို ထင်ဟတ်စေကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံအစိုးရ၏ ရည်မှန်းချက် နှင့် ရှင်းလင်းသော ရပ်တည်ချက် အပြင် ကပ်ရောဂါကိစ္စရပ်အပေါ် သိပ္ပံပညာရပ်ဆိုင်ရာ လေးစားသမှုရှိခြင်းတို့ကို ချီးကျူးဂုဏ်ပြုပါကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံနှင့်အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တွင် ပူးပေါင်းလုပ်ဆောင်ရန် ၊ ကုလသမဂ္ဂ နှင့် G20 မူဘောင်အောက်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးလုပ်ဆောင်နေသည့် အာဖရိက နိုင်ငံများအား ကူညီသွားရန် နှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးလုံခြုံမှု ထိန်းသိမ်းစောင့်ရှောက်ရေး ပူးပေါင်းပါဝင်သွားရန် တို့အတွက် အသင့်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

သမ္မတရှီက ကပ်ရောဂါ ထိန်းချုပ်ရေး နှင့် စီးပွားရေး နှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ တရုတ်နိုင်ငံစီးပွားရေး၏ ယေဘုယျအခင်းအကျင်းသည် မပြောင်းမလဲ အရှိန်အဟုန်တစ်ခုနှင့်အတူ တည်ငြိမ်သော ရှေရှည်ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်ရွေ့လျားနေကြောင်း ဆိုသည်။

တရုတ်နိုင်ငံသည် ရှေ့ဆက်၍ တံခါးဖွင့်သွားရန် နှင့် တစ်ကမ္ဘာလုံးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံတွင် ဂျာမနီရင်းနှီးမြှုပ်နှံ့သူများအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

မကြာသေးခင်က ဖော်ဆောင်ခဲ့သည့် တရုတ်-ဂျာမနီ စီးပွားရေးအရှိန်မြှင့်တင်မှု ( fast-track) အစီအစဉ်သည် စီးပွားရေး ပြန်လည်နလံထူရန် နှစ်နိုင်ငံစလုံးအတွက် အရှိန်အဟုန်တစ်ခုကို ကူညီပေးနိုင်လိမ့်မည်ဖြစ်ပြီး နိုင်ငံတကာစက်မှုကုန်ထုတ်လုပ်ငန်း နှင့် ထုတ်ကုန်ကွင်းစက်များ (supply chains) တည်ငြိမ်စေရန်ထိန်းသိမ်းပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်-ဂျာမနီ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် အစောပိုင်းရက်များတွင် ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို ပြန်လည်တည့်မတ်ရန် အရေးပါသည့် အခန်းကဏ္ဍတစ်ခုတွင် ရှိနေမည်ဖြစ်ကြောင်း တရုတ်သမ္မတ ကဆိုသည်။

တရုတ်နိုင်ငံ နှင့် ဂျာမနီ နိုင်ငံတို့သည် တည်ငြိမ် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတစ်ခု နှင့်အတူ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံ နှင့် ဆွေးနွေးမှု နှင့် အပြန်အလှန် ဖလှယ်မှုများကို ဆက်လက်ဆောင်ရွက်သွားရန် အသင့်ရှိကြောင်းလည်း  ရှီက ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံသည် ဥရောပသမဂ္ဂ(အီးယူ) တွင် ယခုနှစ် ဒုတိယနှစ်ဝက်အတွက် အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူသွားရမည်ဖြစ်ပြီး တရုတ်-အီးယူ ဆက်ဆံရေး တိုးတက်အောင် တက်ကြွစွာမြှင့်တင်ရန် ဂျာမနီနိုင်ငံ၏ စိတ်ဆန္ဒရှိမှုအပေါ် တရုတ်နိုင်ငံက ချီးကျူးပါကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။

တရုတ်-ဂျာမနီ အရေးကြီးသော အခမ်းအနားများ နှင့် တရုတ်-အီးယူး နိုင်ငံရေးဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများသည် ယခုအခါ ဆွေးနွေးညှိနှိုင်းမှုအောက်တွင် ရှိနေကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီ နှင့် အီးယူ တို့နှင့်အတူ အနီးကပ် ဆက်ဆံရေး နှင့် ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆက်လက်ထိန်းသိမ်းထားပြီး အောင်မြင်အောင် ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း နှင့် တရုတ်-ဂျာမနီ နှင့် တရုတ်-အီးယူ ဆက်ဆံရေးကို အဆင့်မြှင့်တင်သွားရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။  (Xinhua)