Connect with us

Politics, Law & Military

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံက အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်မှု စင်မြင့်သစ်သို့ ရောက်ရှိလာ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi တို့ တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား ဒုတိယအကြိမ် မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ တည်ဆောက်မှုက အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု စင်မြင့်သစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းနှင့်  ပါကစ္စတန်နိုင်ငံ၏ ပြန်လည်ရှင်သန်နိုးကြားရေး၌လည်း အရေးပါသောအခန်းကဏ္ဍတစ်ခု အဖြစ် ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၂၁ ရက်တွင် ပြောကြားလိုက်သည်။ 

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင်  တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi နှင့် တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံကြား ဒုတိယအကြိမ် မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ကျင်းပချိန်တွင် ဝမ်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi တို့ တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား ဒုတိယအကြိမ် မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နှစ်နိုင်ငံအနေဖြင့် တည်ဆောက်နေဆဲ စီမံကိန်းများအား အချိန်မီပြီးစီးရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးရန်၊ ပြည်သူများ၏ လူနေမှုဘဝများ အားမာန်အပြည့်တိုးတက်စေရန်၊ စက်မှုဥယျာဉ်များ၊ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိုက်ပျိုးရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် စင်္ကြံ၏ အလားအလာကို ဆက်လက် ဖြစ်ပေါ်စေရေး တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။ 

လတ်တလော COVID-19 ကူးစက်ရောဂါ အခြေအနေနှင့်  ပတ်သက်၍ ပြောကြားရာတွင် ဝမ်က တရုတ်နိုင်ငံအနေဖြင့်  ပါကစ္စတန်နိုင်ငံနှင့်အတူ ပုံမှန် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွေ့အကြုံများ မျှဝေရေး အချိန်မီ လုပ်ဆောင်ရန်၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးထောက်ပံ့မှုများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်ရန်နှင့် ကာကွယ်ဆေး သုတေသနဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဦးစားပေးမိတ်ဖက်အဖြစ် ပါကစ္စတန်နိုင်ငံကို ရွေးချယ်ရန် စသည်တို့ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ 

“တရုတ်-ပါကစ္စတန် ဆက်ဆံရေးက ကူးစက်ရောဂါရဲ့အစမ်းသပ်ခံနိုင်ခဲ့တယ်။ အပြန်အလှန်ယုံကြည်မှုက ခိုင်မာပြီး ပူးပေါင်းဆောင်ရွက်မှုကလည်း နက်ရှိုင်းလာပါတယ်” ဟု ဝမ်က ဆိုသည်။ 

ထို့ပြင် နှစ်နိုင်ငံ “သံမဏိ မိတ်ဆွေများ” ဆက်ဆံရေးသည် သန့်စင်ပါကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် တရုတ်-ပါကစ္စတန် အေးအတူ၊ ပူအမျှ အသိုက်အဝန်းနှင့် ကပ်ရောဂါကို အတူပူးပေါင်းတိုက်ဖျက်သော ကျန်းမာသောအသိုက်အဝန်းတစ်ခု နက်ရှိုင်းစွာတည်ဆောက်ရေး သဘောတူခဲ့ကြောင်း သိရသည်။ 

ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi က ပါကစ္စတန်အနေဖြင့် တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားများနှင့် အဓိက အလေးထားသောကိစ္စရပ်များအားလုံးကို  အခိုင်အမာထောက်ခံကြောင်းနှင့် တရုတ်နိုင်ငံနှင့်အတူ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် ပူးတွဲစီစဉ်ရန် ၊ ကာကွယ်ဆေး သုတေသန အပါအဝင် နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန်နှင့် ကူးစက်ရောဂါကို နိုင်ငံရေးအရ အသုံးချခြင်းနှင့် ကဲ့ရဲ့ပြောဆိုခြင်းများကို ပူးတွဲ ဆန့်ကျင်ရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။ 

“ပါကစ္စတန်အနေနဲ့ တရုတ်နိုင်ငံနဲ့အတူ ပါကစ္စတန်-တရုတ် စီးပွားရေးစင်္ကြံ တည်ဆောက်မှု အဆင့်မြှင့်တင်ရန်လည်း ဆန္ဒရှိပါတယ်” ဟု Qureshi  က ဆိုသည်။ 

ထို့နောက် အာဖဂန်နစ္စတန်နှင့် အခြားသော နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များအပေါ် နှစ်နိုင်ငံ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

ဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ရေး လုပ်ထုံးလုပ်နည်းကို ပြန်အသက်သွင်းရန် အမေရိကန်က တောင်းဆိုမှုနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ်  ဝမ်က ယင်းသို့ တောင်းဆိုမှုသည် “လုံးဝ ကျိုးကြောင်းဆီလျော်ခြင်းမရှိ” ကြောင်း ပြောကြားခဲ့သည်။ 

“အမေရိကန်က သူ့ရဲ့အကျိုးစီးပွားကိုသာ စဉ်းစားသူပါ။ အကယ်၍ နိုင်ငံတကာဥပဒေက သူ့နိုင်ငံရဲ့ လိုအပ်ချက်နဲ့ကိုက်ညီရင် လုပ်ဆောင်ပြီးတော့ မကိုက်ညီဘူးဆိုရင်တော့ ဖယ်ထားခဲ့ပါတယ်” ဟု ဝမ်က ဆိုသည်။ 

အာဖဂန်နိုင်ငံတွင်း ဆွေးနွေးညှိနှိုင်းမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ဆက်စပ်သောအဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးအဖြေရရှိရန် အခြေခံကျသောဦးတည်ချက်လမ်းကြောင်းကို ထိန်းသိမ်းရန်၊ ကျယ်ပြန့်၍ အားလုံးပါဝင်သောမူဘောင်ကို ကြိုးပမ်းရန်နှင့် ရှေ့ပြေးလက္ခဏာများနှင့် ဖြစ်ပွားရသည့် အကြောင်းရင်းနှစ်ခုလုံးကို အဖြေရှာရေးလမ်းကြောင်းအား ပြီးဆုံးအောင် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဝမ်က ပြောခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် တရားမျှတမှုကို ထိန်းသိမ်းရန်နှင့် ငြိမ်းချမ်းရေးရရှိရန် ဆွေးနွေးညှိနှိုင်းမှုကို တွန်းအားပေးရန် ဆောင်ရွက်သွားသင့်ကြောင်း ဝမ်က ဆိုသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.