Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေးအခြေခံအုတ်မြစ်ကို ကာကွယ်ရန်လိုအပ်ကြောင်း တရုတ်နိုင်ငံ အဆင့်မြင့်သံတမန်ပြော

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ အနောက်မြောက်ပိုင်းတွင် Wanxiang America ရုံးချုပ်တွင် လှူဒါန်းမည့် နှာခေါင်းစည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် နှစ်နိုင်ငံ ဆက်ဆံရေးအခြေခံအုတ်မြစ်ကို ပူးတွဲထိန်းသိမ်းရန်နှင့် တရုတ်နှင့် အမေရိကန် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပူးတွဲကာကွယ်ရန် လိုအပ်ကြောင်း တရုတ်နိုင်ငံ အဆင့်မြင့် သံတမန် ယန်ကျဲ့ချီက ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။ 

ယန်က ဩဂုတ် ၇ ရက်တွင် ထုတ်ဝေခဲ့သော “သမိုင်းဖြစ်စဉ်ကို လေးစား၍ အနာဂတ်ကိုဦးတည်ကာ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်မှုရရှိစေရန် ခိုင်မြဲစွာ ထိန်းသိမ်းသွားရမည်” ဟူသော ဆောင်းပါး၌ အထက်ပါအတိုင်း မှတ်ချက်ပြုထားသည်။ 

“တရုတ်-အမေရိကန် ဆက်ဆံရေး ပုံမှန်စတင်ချိန်မှစ၍ နှစ်နိုင်ငံလုံးသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ မတူညီသော လူမှုစနစ်ကို အသိအမှတ်ပြုကာ လေးစားလိုက်နာသည့် ဘုံနားလည်မှုအပေါ် အမြဲတစေအခြေခံထားခဲ့တယ်” ဟု တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်က ပြောခဲ့သည်။ 

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ၏ ဝါရင့်ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများက ၎င်းတို့၏ မဟာဗျူဟာမြောက်ထူးခြားသော မျှော်မှန်းချက်နှင့် နိုင်ငံရေးရဲရင့်မှုတို့ဖြင့် မတူညီသော အတွေးအမြင်နှင့် လူမှုစနစ်များ ကျော်လွှားကာ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားများကို ဆောင်ရွက်ခဲ့ပြီး သမိုင်းဝင် အရေးပါသော နိုင်ငံရေးဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြကြောင်း ယန်က ပြန်ပြောင်းအမှတ်ရကာ ပြောကြားခဲ့သည်။ 

အမေရိကန်နိုင်ငံရေးသမားအချို့က တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးအား ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံ၏ မူလရည်ရွယ်ချက်မှာ တရုတ်နိုင်ငံကို ပြောင်းလဲရန်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ မူဝါဒမှာ လုံးဝကျရှုံးလာခဲ့ကြောင်း ယန်က ဆိုသည်။ 

“သူတို့တွေရဲ့ စွပ်စွဲချက်တွေက အတွေးအမြင်ဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် စစ်အေးတိုက်ပွဲသဘောထား တွေကို ပြသနေပါတယ်။ သူတို့က တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် နှစ်နိုင်ငံ လူမှုအသိုင်းအဝိုင်းများရှိ  ပြည်သူများက လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ပြုလုပ်ခဲ့သော များစွာသော အားထုတ်မှုများနှင့် ဆောင်ရွက်ချက်များကို လွန်စွာထိခိုက်စေပါတယ်” ဟု ယန်က ဆိုသည်။ 

“ကျွန်တော်တို့အနေနဲ့ သမိုင်းကြောင်းနဲ့ ပြည်သူတွေအတွက် တာဝန်ယူမှုရှိတဲ့ သဘောထားတစ်ခုကို ဆောင်ရွက်ဖို့လိုပါတယ်။ ကျွန်တော်တို့ မှန်ကန်တဲ့ဘက်မှာရပ်တည်ပြီး ဖြောင့်ဖြောင့်မှန်မှန် လုပ်ဆောင်ဖို့ လိုပါတယ်” ဟု ယန်က ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.