Politics, Law & Military
တရုတ်နှင့် ထိုင်း ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်သွားရန် သမ္မတ ရှီပြောကြား
ဟန်ကျိုး၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့သည့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၄ ရက်ကပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့တွင် ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးပြင်ပ၌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချိန်အိုချာ နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖိန် က မှတ်ချက်ပေး ပြောကြားခဲ့ခြင်းဖြစ်သည်။ ပရာယွတ်သည် ဧည့်သည်နိုင်ငံများမှ ခေါင်းဆောင်တစ်ဦးအဖြစ် ထိပ်သီးညီလာခံသို့ တက်ရောက်လာခြင်း ဖြစ်သည်။
ရှီက တရုတ်နိုင်ငံသည် တရုတ်-ထိုင်း ချစ်ကြည်ရေးကို အလေးထားကြောင်း ၊ ထိုင်းနိုင်ငံ နှင့် ပူးပေါင်းကာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် အာရှတွင်း အရေးပါသည့် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ပြီး ၎င်းတို့တွင် ဖွံ့ဖြိုးဆဲစီးပွားရေးစနစ်၊ ပြည်သူများ၏ အသက်မွေးကျောင်းလုပ်ငန်းများ တိုးတက်လာခြင်း၊ တည်ငြိမ်မှုထိန်းသိမ်းခြင်းတို့နှင့် ပတ်သက်၍ တူညီသော လုပ်ဆောင်စရာများ ရှိကြောင်း သိရသည်။
နှစ်နိုင်ငံလုံးသည် မဟာဗျူဟာမြောက် ဆက်ဆံရေး အားကောင်းလာစေရန်လုပ်ဆောင်သင့်ကြောင်း၊ ထို့ပြင် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ များကို ချိန်ညှိခြင်း၊ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ခြင်း၊ ပြည်သူ-ပြည်သူချင်း ဖလှယ်မှုများ တိုးချဲ့ခြင်း နှင့် နိုင်ငံပေါင်းစုံ ချစ်ကြည်ရေး မူဘောင်များ အတွင်း ညှိနှိုင်းဆောင်ရွက်မှုများအား ပိုမိုလုပ်ဆောင်သင့်ကြောင်း ရှီကပြောကြားသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်သည် G77 ၏အလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ ခေါင်းဆောင်အဖြစ် ထိပ်သီးညီလာခံသို့ တက်ရောက်လာခြင်းသည် တရုတ်နိုင်ငံက ကြီးမှူးကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးပွဲအား ဖွံ့ဖြိုးဆဲနိုင်ငံများက အထောက်အပံ့ပေးခြင်းကို ထင်ဟပ်စေကြောင်း ရှီက ပြောကြားခဲ့သည်။
ပရာယွတ် က G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံ၏ဖိတ်ကြားချက်အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ G20 နှင့် G77 ကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် တရုတ်နိုင်ငံ၏ အားထုတ်ကြိုးစားမှုကို ဖွံ့ဖြိုးဆဲနိုင်ငံများကကောင်းစွာ အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် တရုတ်ပြည်သူ နှင့် ထိုင်းပြည်သူများအကြား အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှု အား နက်ရှိုင်းလာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံများတွင် ပူးပေါင်းဆောင်ရွက်မှုများအား တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။ (Xinhua)