Connect with us

Science & Technology

Chang’e-4 အာကာသယာဉ် လကမ္ဘာသို့ အံသြမင်သက်ဖွယ် ဆင်းသက်


ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သော Chang’e-4 အာကာသယာဉ် သည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းရှိ ချိုင့်ဝှမ်းတစ်ခုပေါ်သို့ ဇန်နဝါရီ ၃ရက်တွင် ကြာချိန် ၁၂မိနစ်ဖြင့် အံသြမင်သက်ဖွယ် ဖြည်းညင်းညင်သာစွာ ဆင်းသက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ လကမ္ဘာစူးစမ်းလေ့လာရေးအစီအစဉ်၏ ဒီဇိုင်းအရာရှိချုပ် ဝူဝေရန် (Wu Weiren) က ယခင် Chang’e-3 အာကာသယာဉ် သည် ကမ္ဘာဘက်သို့ မျက်နှာမူနေသော လကမ္ဘာ၏ မျက်နှာပြင်ပေါ်ရှိ Sinus Iridum ခေါ် သက်တန့်ပင်လယ်အော် အမည်ရှိ ဧရိယာပေါ်သို့ ဆင်းသက်ခဲ့ပြီး ယင်းဧရိယာသည် တရုတ်နိုင်ငံမြောက်ပိုင်း မြေပြန့်ကဲ့သို့ ပြေပြစ်ညီညာမှုရှိသော်လည်း ယခု Chang’e-4 အာကာသယာဉ် ဆင်းသက်ရာနေရာသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ တောင်တန်းများ နှင့် ချွန်ထက်သော တောင်ကုန်းများ ကဲ့သို့ မျက်နှာပြင်ကြမ်းတမ်းကြောင်း ပြောကြားခဲ့သည်။

တရုတ်အာကာသ ကျွမ်းကျင်ပညာရှင်များသည် ကမ္ဘာမြေမှ မမြင်နိုင်သော လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းပေါ်ရှိ South Pole-Aitken ချိုင့်ဝှမ်းဧရိယာအား Chang’e-4 အာကာသယာဉ်အတွက် ဆင်းသက်ရာ နေရာအဖြစ် ရွေးချယ်ခဲ့ကြသည်။ ယင်းဧရိယာသည် Chang’e-3 အာကာသယာဉ် ဆင်းသက်သည့် ဧရိယာ၏ ၈ပုံ၁ပုံသာကျယ်ဝန်းပြီး ၁၀ကီလိုမီတာမြင့်သော တောင်တန်းများဖြင့် ဝန်းရံထားကြောင်း သိရသည်။

Chang’e-4 အာကာသယာဉ် လကမ္ဘာသို့ဆင်းသက်နေစဉ် (ဆင်ဟွာ)

Chang’e-4 အာကာသယာဉ် လကမ္ဘာသို့ဆင်းသက်နေစဉ် (ဆင်ဟွာ)

Chang’e-4 သည် Chang’e-3 ဆင်းသက်ခဲ့သလို မျဉ်းကွေးလမ်းကြောင်းအတိုင်း ဆင်းသက်ခဲ့ခြင်းမဟုတ်ဘဲ ဒေါင်လိုက်ပုံစံနီးပါး ဖြင့် ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း ဝူကပြောကြားခဲ့သည်။

ဝူက ယင်းဆင်းသက်မှုသည် အချိန်တိုလေးအတွင်း ကြီးမားသော စိန်ခေါ်မှုဖြင့် ရင်ဆိုင်ကာ ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး ခက်ခဲမှု နှင့် အန္တရာယ်များစွာ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆင်းသက်မှု အစီအစဉ်တစ်ခုလုံးအား မြေပြင်မှ ထိန်းချုပ်မှုမရှိဘဲ အလိုအလျောက်စနစ်ဖြင့် ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး ဆင်းသက်မှုဓါတ်ပုံများကို ကမ္ဘာမြေသို့ ပြန်လည်ပေးပို့ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အာကာသနည်းပညာအကယ်ဒမီ မှ Chang’e-4 အာကာသယာဉ် စီမံကိန်း၏ အမှုဆောင်အရာရှိချုပ် ကျန်းဟဲ (Zhang He) က အာကာသယာဉ် ပျံသန်းမှုလမ်းကြောင်းပေါ်ရှိ တောင်တန်းများအား ရှောင်ရှားရန် ဒေါင်လိုက်ဆင်းသက်မှု မဟာဗျူဟာကို ရွေးချယ်ခဲ့ကြောင်းပြောကြားခဲ့သည်။

Chang’e-4 အာကာသယာဉ်၏ လက်ထောက်ဒီဇိုင်းအရာရှိချုပ် ဝူရွှယ်ရင် (Wu Xueying) က အာကာသယာဉ်ဆင်းသက်နေစဉ် လကမ္ဘာ၏ မျက်နှာပြင်အထက် ၂ကီလိုမီတာ အမြင့်ရောက်ရှိစဉ် အာကာသယာဉ်အနေဖြင့် ကြီးမားသော အစိုင်အခဲများအား ကျောက်တုံးများ သို့မဟုတ် ချိုင့်ဝှမ်းများဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ရန် လမျက်နှာပြင်အား ဓါတ်ပုံရိုက်ကူးမှုများပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လမျက်နှာပြင်အထက် ၁၀၀မီတာအရောက်တွင် လေထဲ၌ခေတ္တရပ်တန့်ပြီး လကမ္ဘာမျက်နှာပြင်ပေါ်မှ သေးငယ်သော အစိုင်အခဲများကို အမျိုးအစားခွဲခြားပြီး ဆင်ခြေလျောများကို တိုင်းတာခဲ့ကြောင်း ဝူကပြောကြားခဲ့သည်။

ယင်းသို့ တွက်ချက်မှုများပြုလုပ်ပြီးနောက် အာကာသယာဉ်သည် ဘေးအန္တရာယ်အကင်းဆုံးနေရာကို ရှာဖွေတွေ့ရှိပြီး ဆင်းသက်မှုကိုဆက်လက်ပြုလုပ်ခဲ့ကာ လမျက်နှာပြင်မှ ၂မီတာအရောက်တွင် အင်ဂျင်ရပ်တန့်၍ အာကာသယာဉ်မှ ထောက်တိုင် ၄ခုထွက်လာကာ လမျက်နှာပြင်ပေါ်သို့ ဆင်းသက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.