Connect with us

Social, Education & Health

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကြားမှ ဧည့်ပရိသတ်မပါဝင်ဘဲ ကျင်းပခဲ့သော ကြည်နူးဖွယ် မင်္ဂလာပွဲ

မင်္ဂလာပွဲတွင် သတို့သားက သတို့သမီး၏ မျက်နှာဖုံးလွှာဇာပဝါအား အပေါ်သို့လှပ်တင်နေစဉ် (ဆင်ဟွာ)

ချင်းသောင်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့်ကြားမှ ဘေးကင်းစိတ်ချရသော မင်္ဂလာဆောင်တစ်ခုကို မည်သို့ကျင်းပနိုင်မည်နည်း။ တရုတ်နိုင်ငံသား မင်္ဂလာမောင်နှံနှစ်ဦးက အချိန်နှစ်မိနစ်ခန့်သာ ကြာမြင့်သည့် မင်္ဂလာပွဲကို နှာခေါင်းစည်းများတပ်ဆင်ထားသော လူ ၆ ဦးဖြင့်သာ ကျင်းပခဲ့သည်။ 

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုံးပြည်နယ်တွင် ကျန်းလုံနှင့် ချန်းရှောင်တို့သည် ဖေဖော်ဝါရီ ၆ ရက်က သတို့သား၏ ခြံဝင်းထဲ၌ အထူးမင်္ဂလာပွဲလေးကို ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာပွဲတွင် သတို့သမီး၏ ဖခင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး မိခင်ကမူ ဓာတ်ပုံဆရာအဖြစ် လုပ်ဆောင်ခဲ့သည်။ 

မိဘများအား ကန်တော့နေကြသည့် မင်္ဂလာမောင်နှံအား တွေ့ရစဉ် (ဆင်ဟွာ)

ချင်းသောင်မြို့၊ လီချားမြို့နယ်ရှိ သတို့သမီးနေအိမ်သို့ ရောက်ရှိလာသည့် သတို့သား ကျန်းလုံအား တွေ့ရစဉ် (ဆင်ဟွာ)

နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်အတွက် ပြည်သူများအား နေအိမ်အတွင်း၌ နေထိုင်ကြရန်နှင့် လူစုလူဝေးများအား ရှောင်ရှားကြရန် အစိုးရက ပြောကြားထားသဖြင့် တရုတ်နိုင်ငံသား မင်္ဂလာမောင်နှံများမှာ မင်္ဂလာပွဲများအား ရွှေ့ဆိုင်းခဲ့ကြသော်လည်း ကျန်းနှင့် ချန်းတို့ကမူ စီစဉ်ထားသည့်အတိုင်း ပြုလုပ်ရန် သဘောတူခဲ့သည်။ သို့သော်လည်း မင်္ဂလာအခမ်းအနားတွင် ပျော်ရွှင်ပွဲများအားလုံးကို ထည့်သွင်းကျင်းပခြင်းမရှိပေ။

“ကျွန်တော်တို့က ရောဂါကာကွယ် ထိန်းချုပ်နေရတဲ့ အရေးကြီးတဲ့ အချိန်မှာရှိနေပါတယ်။ ဒါကြောင်း ကျွန်တော်တို့တွေ ပရိသတ်တွေဖိတ်ကြားတာ၊ အခမ်းအနားနဲ့ မင်္ဂလာပွဲကျင်းပတာကို မလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ ခြုံပြောရရင်တော့ မင်္ဂလာပွဲဆိုတာက အခမ်းအနားတစ်ခုသာသာပါပဲ။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကသာ အရေးကြီးဆုံးပဲလေ” ဟု ကျန်းက ဆိုသည်။

မင်္ဂလာပွဲနေ့တွင် နှာခေါင်းစည်းတပ်ဆင်ထားသော ကျန်းက ဓလေ့ထုံးစံအတိုင်း ချင်းသောင်မြို့၊ လီချားမြို့နယ်ရှိ သတို့သမီး၏ နေအိမ်သို့ ကားမောင်းလာခဲ့သည်။ သတို့သမီးနေအိမ်တွင် ကြည်နူးဖွယ်ရာ ဓလေ့ထုံးစံအတိုင်း သတို့သမီး၏ မျက်နှာကိုကြည့်ရန် အနီရောင် မျက်နှာဖုံးလွှာဇာပဝါကို လှပ်တင်ခဲ့သည်။ 

“နှာခေါင်းစည်းတပ်ထားတော့ သူ (သတို့သမီး) နှုတ်ခမ်းနီ ဘာအရောင်ဆိုးထားလဲဆိုတာတောင် မသိခဲ့ပါဘူးဗျာ” ဟု သတို့သားက ပြန်ပြောင်းပြောပြခဲ့သည်။

သတို့သမီး၏ ဖခင်က ဘိသိက်ဆရာအဖြစ် ဆောင်ရွက်ခဲ့သည့် ၎င်းမင်္ဂလာပွဲ ကျင်းပချိန်မှာ နှစ်မိနစ်ခန့်ပင် ကြာမြင့်ခဲ့ပေသည်။ 

“ကျွန်တော့် ယောက္ခမက ခပ်မြန်မြန်ပဲစကားပြောတယ်။ ကောင်းကင်နဲ့ မြေကြီးကို ကန်တော့တယ်။ မိဘတွေကို ကန်တော့တယ်။ တစ်ယောက်နဲ့တစ်ယောက် ကန်တော့တယ်။ ဒါနဲ့ပဲ မင်္ဂလာပွဲ ပြီးသွားတာပါပဲ။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ကတိသစ္စာပြုစကားတောင် ပြောခဲ့လိုက်ရဘူး” ဟု ကျန်းက ပြောခဲ့သည်။

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားမီက ကျန်းက ဓလေ့ထုံးစံအားလုံးနှင့်အညီ ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲ ကျင်းပရန် စီစဉ်ထားပြီး စားပွဲ ၅၀ ပါဝင်သည့် ဧည့်ခံပွဲ၊ မင်္ဂလာကား ၂၀ စီး၊ သတို့သားအရံနှင့် သတို့သမီးအရံ လေးတွဲကို ဖိတ်ကြားထားခဲ့သည်ဟု ဆိုသည်။

“အစီအစဉ်အားလုံးကို ဖျက်လိုက်ရတယ်လေ။ သူက ကျွန်မနဲ့ လက်ထပ်ဖို့ ပိုက်ဆံတွေအများကြီး သုံးခဲ့တယ်။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး။ သူက ကျွန်မအတွက် လူကောင်းတစ်ယောက်ပါပဲ” ဟု သတို့သမီး ချန်းရှောင်က ပြောခဲ့သည်။

သတို့သမီးအိမ်မှ အပြန်လမ်းတွင် ခန္ဓာကိုယ်အပူချိန် တိုင်းတာရန် စစ်ဆေးရေးဂိတ်သုံးခု ဖြတ်ကျော်ခဲ့ရသည်။

“စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတုန်း စေတနာ့ဝန်ထမ်းတွေက ကျွန်မတို့ကို ဂုဏ်ပြုခဲ့ကြတယ်။ ဆွေမျိုးတွေ၊ ပရိသတ်တွေက လူကိုယ်တိုင် လာရောက်ပြီး ဂုဏ်မပြုပေးနိုင်ပေမဲ့ သူတို့ရဲ့နှလုံးသားကနေ ကျွန်မတို့ကို ကောင်းချီးပေးနေကြမယ်လို့ ကျွန်မယုံကြည်ပါတယ်” ဟု ကျန်းက ဆိုသည်။

ဧည့်ပရိသတ်များ ပါဝင်ခြင်းမရှိဘဲ ကျင်းပခဲ့သည့် မင်္ဂလာပွဲအကြောင်းကို ကျန်းလုံ၏ ဖခင်က ဝီချက်ဂရု (WeChat Group) တွင် တင်ခဲ့ပြီးနောက် ရွာသူရွာသားများစွာက လက်မသင်္ကေတဖြင့် ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ကြသည်။

ယခုကျင်းပသည့် မင်္ဂလာပွဲသည် တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်နေစဉ်အတွင်း ဧည့်ပရိသတ်မရှိဘဲ ကျင်းပခဲ့သော ပထမဆုံးမင်္ဂလာပွဲမဟုတ်ပေ။ ချင်းသောင်မြို့တွင်ပင် ဇန်နဝါရီ ၂၇ ရက်က ဆွန်းဝမ်လုံနှင့် လျူ မြောင်မြောင်တို့လည်း ဧည့်ပရိသတ်မပါဘဲ မင်္ဂလာပွဲကျင်းပခဲ့ကြသည်။  (Xinhua)