Social, Education & Health
တရုတ်နိုင်ငံ၌ မေဒေးတွင် အရက်သောက်ပြီး ယာဉ်မောင်းသူ ၅၈၃ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီး
ပေကျင်း ၊ မေ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၌ မေဒေး ( အလုပ်သမားနေ့) တွင် မူးယစ် သောက်စားပြီး ကားမောင်းသည့် ယာဉ်မောင်း ၅၈၃ ဦး အား ရဲတပ်ဖွဲ့က တားဆီး၍ ဖမ်းဆီးခဲ့ကြောင်း နှင့် မေဒေး အားလပ်ရက် သုံးရက်အတွင်း မူးယစ်သောက်စားပြီး ယာဉ်မောင်းသည့် ( DUI ) အမှုပေါင်း ၄,၇၃၅ မှုထိ ရှိကြောင်း တရုတ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန( MPS ) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အားလပ်ရက် အတွင်း DUI စစ်ဆေးမှုများကို စားသောက်ဆိုင် အနီးနားများ ၊ ဆင်ခြေဖုံး ရပ်ကွက်ရှိ အပန်းဖြေစခန်း အနီးအနားများနှင့် အခြားနေရာများတွင် ပြုလုပ်ခဲ့ကြောင်း MPS ကဆိုသည်။ ၂ဝ၁၅ ခုနှစ် မေဒေး အားလပ်ရက် သုံးရက်တွင် ယာဉ်မတော်တဆမှုများ နှင့် ဆက်စပ် အမှုများဖြင့် သေဆုံးသူသည် ၄၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ် အားလပ်ရက် သုံးရက်တွင် ၃၃ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း MPS က ပြောသည်။ ဝန်ကြီးဌာန၏ ယခင် ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲ့အနေဖြင့် မူးယစ် သောက်စား ယာဉ်မောင်းသူများကို မေလ ၃၁ ရက်ထိ တစ်လတိတိ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။
အဆိုပါ စစ်ဆေးမှုများကို ညနေပိုင်းများ ၊ ညပိုင်းများ ၊ တနင်္ဂနွေနေ့များ၊ အားလပ်ရက်များ နှင့် မင်္ဂလာဆောင်ပွဲ နှင့် အသုဘပွဲများကဲ့သို့အခမ်းအနားကြီးများတွင် ပြုလုပ်သွားမည်ဟု ဆိုသည်။
တရုတ်နိုင်ငံသည် မူးယစ် သောက်စားပြီး မော်တော်ယာဉ် မောင်းနှင်ခြင်းကို ပြစ်မှု မြောက်ကြောင်း ၂ဝ၁၁ ခုနှစ်တွင် ဥပေဒ ပြင်ဆင်ချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် မည်သည့် အကျိုးဆက်များ တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိသည်ဖြစ်စေ (သို့မဟုတ် ) ယာဉ်မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသည်ဖြစ်စေ အရက်သေစာ သောက်စားပြီး မော်တော်ယာဉ်မောင်းနှင်ပါက ပြစ်မှုမြောက်ကြောင်း ဥပဒေက အတည်ပြုထားသည်။ (Xinhua)