CHINA
တရုတ်နိုင်ငံမှ ဆေးပညာရှင်အဖွဲ့ ရုရှားသို့ စေလွှတ်
ဟာပင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ ဆေးပညာရှင် ၁၀ ဦးပါဝင်သောအဖွဲ့သည် ရုရှားနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် ကူညီရန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်၏ မြို့တော် ဟာပင်းမှ ဧပြီ ၁၁ ရက် နံနက်ပိုင်းက ထွက်ခွာသွားခဲ့ပါသည်။
အဆိုပါ အဖွဲ့တွင် ပါဝင်သူများသည် တရုတ်နိုင်ငံ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၊ ဟေးလုံကျန်း ပြည်နယ်ဆိုင်ရာ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာနှင့် ယင်းပြည်နယ်ရှိ ဆေးရုံလေးရုံမှဖြစ်ပြီး ဓာတ်ခွဲစမ်းသပ်မှု၊ ကူးစက်ရောဂါဆိုင်ရာ ကာကွယ် ထိန်းချုပ်ရေး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ အထူးကြပ်မတ်ကုသမှုနှင့် တရုတ်တိုင်းရင်းဆေးကဏ္ဍများ၌ အထူးကျွမ်းကျင်သူများဖြစ်သည်။ ၎င်းအဖွဲ့သည် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ၊ N95 နှာခေါင်းစည်းများနှင့် ဆေးဘက်အကာအကွယ်ဝတ်စုံများ အပါအဝင် တရုတ်နိုင်ငံမှ လှူဒါန်းသည့် အရေးတကြီး လိုအပ်လျက်ရှိသော ဆေးဘက်ဆိုင်ရာ အကူအညီပစ္စည်းများ ကိုသယ်ဆောင်သွားကြောင်း သိရသည်။ တရုတ်နိုင်ငံမှ ကျွမ်းကျင်သူအဖွဲ့သည် ရုရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် အတွေ့အကြုံများ ဖလှယ်မည်ဖြစ်ပြီး COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ရောဂါရှာဖွေရေးနှင့် ကုသရေးများကို ဆေးဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)